အထည်ချုပ်စက်ရုံ အလုပ်သမားမိန်းကလေးအား ပြည့်တန်ဆာအဖြစ် အတင်းအကြပ်စေခိုင်းပြီး ငွေကြေး ခေါင်းပုံဖြတ်သူ နှစ်ဦးဖမ်းဆီး

အထည်ချုပ်စက်ရုံ အလုပ်သမားမိန်းကလေးအား ပြည့်တန်ဆာအဖြစ် အတင်းအကြပ်စေခိုင်းပြီး ငွေကြေး ခေါင်းပုံဖြတ်သူ နှစ်ဦးဖမ်းဆီး
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့
 

ရန်ကုန်၊ ဇွန်လ ၂၇ ။            ။ အထည်ချုပ်စက်ရုံမှ အလုပ်သမားမိန်းကလေးအား ပြည့်တန်ဆာလုပ်ရန် အတင်းအကြပ်စေခိုင်းပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့သူ သုံးဦးအနက် နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသူမိန်းကလေးအား အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု (ရန်ကုန်) မှ တပ်ဖွဲ့ဝင်များက ဇွန်လ ၁၂ ရက်က မေးမြန်းချက်အရ ယင်းမိန်းကလေးမှာ   မေလ ၂၄ ရက် နံနက်ပိုင်းအချိန်က အထည်ချုပ်စက်ရုံတွင် အလုပ်သွားဆင်းရာ စက်မချုပ်တတ်၍ သူမအား စက်ရုံမှ ပြန်လွှတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့  ပြန်လွှတ်ခဲ့သဖြင့် ပြန်လာရာ တစ်ရပ်ကွက်တည်းနေ မခိုင်စံပယ်၊ မမြင့်မိုရ်တို့နှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့နှစ်ဦးက အဆိုပါ မိန်းကလေးအား ထောက်ကြန့် အထည်ချုပ်စက်ရုံတွင်လုပ်ကိုင်ပါက ကြိုတင်ငွေလိုသလောက် ထုတ်ယူနိုင်ကြောင်း ပြောဆိုသဖြင့် လိုက်ပါသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် အဆိုပါ မိန်းကလေးကို ဆိုင်ကယ်ကယ်ရီမောင်းသူ ဆံရှည်(ခ) ဇော်ရှင်း(ခ)ဟန်ဇော်ရှင်းနှင့် တွေ့ဆုံပေးပြီး ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ပါက ငွေလိုသလောက်ထုတ်ပေးမည်ဟု စည်းရုံးသဖြင့် လက်ခံခဲ့ကာ ၎င်းနေအိမ်သို့ လိုက်သွားခဲ့သည်။

ယင်းမိန်းကလေးအား ဆိုင်ကယ် ကယ်ရီမောင်းသူ ဆံရှည်ဆိုသူက တည်းခိုးခန်းများသို့ ပို့ဆောင်၍ ပြည့်တန်ဆာအဖြစ်စေခိုင်းခဲ့ရာ တစ်ရက်လျှင် ငွေကျပ် ၁ဝဝဝ သာပေးခဲ့သည်ဟု ဆိုသည်။ ၎င်းနေအိမ်တွင် အခြားပြည့်တန်ဆာ မိန်းကလေးများနှင့် အတူနေထိုင်ရကာ ထွက်ပြေးပါက ရိုက်နှက်သဖြင့် ထွက်မပြေးရဲခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည့်တန်ဆာအဖြစ်စေခိုင်းခံရသူ အဆိုပါ မိန်းကလေးအား ဆံရှည်(ခ) ဇော်ရှင်း(ခ)ဟန်ဇော်ရှင်းဆိုသူမှလည်း အလိုမတူဘဲ သားမယားအဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့သည်ဟုလည်း ဆိုသည်။

ဇွန်လ ၁၁ ရက်က ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် ပို့ဆောင်စဉ် အဆိုပါမိန်းကလေး၏ မိခင်နှင့်တွေ့ရှိသဖြင့် နေအိမ်သို့ပြန်လည် လိုက်ပါသွားပြီးနောက် မင်္ဂလာဒုံမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်ဟု သိရသည်။

ထိုသို့ ရပ်တည်ရန် ခက်ခဲသည့် အခြေအနေအား အခွင့်ကောင်းယူကာ ခေါင်းပုံဖြတ်ခဲ့သူ ဆိုင်ကယ်ကယ်ရီ မောင်းသူ ဇော်ရှင်းအပါ သုံးဦးကို အရေးယူပေးရန် တိုင်တန်းချက်အရ မင်္ဂလာဒုံ မြို့မရဲစခန်းမှ (ပ)၇၆၃/၂၀၁၇၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ပခုက္ကမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြီး သွားရောက်ဖမ်းဆီးခဲ့ရာ ဇွန်လ ၂၂ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် ဆံရှည်ဆိုသူနှင့် ခိုင်စံပယ်ဆိုသူတို့ နှစ်ဦးကို ပခုက္ကူမြို့၊ (၆)ရပ်ကွက်၊ လမ်းမတော်လမ်းမ ကြီးနှင့် (၁၂) လမ်းထောင့်မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူနှစ်ဦးကို စစ်ဆေးရာ အထည်ချုပ်စက်ရုံ အလုပ်သမားမိန်းကလေးအား ပြည့်တန်ဆာ အဖြစ်စေခိုင်းခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် အရေးယူဆောင်ရွက်နေပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လွတ်မြောက်နေသူ မြင့်မိုရ်ဆိုသူ အမျိုးသမီးအား ဖမ်းဆီးနိုင်ရန် စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly