အခြေခံပညာကျောင်းသားများဖြင့် ရိုက်ကူးမည့် Samsung Quiz Show ပြိုင်ပွဲကျင်းပမည်

အခြေခံပညာကျောင်းသားများဖြင့် ရိုက်ကူးမည့် Samsung Quiz Show ပြိုင်ပွဲကျင်းပမည်

ပြည်နယ် နှင့် တိုင်း ၁၄ခုမှ ထူးချွန်ကျောင်းသူ/သားများဖြင့် ရိုက်ကူးမည့် Samsung Quiz Show ပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့် ဆုရရှိကျောင်းသားများအား ကျပ်သိန်း ၄၀၀ ချီးမြှင့်မည့်အပြင် ကိုရီးယားနိုင်ငံသို့လည်း ခရီးစဉ်လွှတ်မည်ဟု သိရသည်။

ထိုပြိုင်ပွဲတွင် ပြည်နယ်နှင့် တိုင်း ၁၄ခုရှိ ကျောင်းတစ်ကျောင်းစီမှ ထူးချွန်ထက်မြတ်သည့် ကျောင်းသူ/ကျောင်းသား ၃ဦးရွေးချယ်ပြီး ယှဉ်ပြိုင်စေမည်ဖြစ်သည်။

"ဒီပြိုင်ပွဲရဲ့ထူးခြားမှုက အစွန်အဖျားမှာရှိတဲ့ ချင်း၊ ရခိုင်၊ ရှမ်းပြည်နယ်တို့က ကလေးငယ်တွေကို လေ့ကျင့်ပီးမှ ပြိုင်စေပြီး ပြိုင်ပွဲအားလုံးမှာ ဆုရရှိတဲ့ကလေးငယ် အဖွဲ့သုံးဖွဲ့စုစုပေါင်း၉ယောက်နဲ့ ဆရာ၊ဆရာမတွေကို ကိုရီးယားနိုင်ငံမှာရှိတဲ့ Samsung ရဲ့ အထင်ကရနေရာတွေကို လိုက်ပို့မယ်"ဟု Samsung တာဝန်ရှိသူ ဦးစိုးသူရက ပြောသည်။

Samsung Quiz Show ကို ဇွန်လ၃၀ရက်နေ့မှ စတင်ကာ အပတ်စဉ်သောကြာနေတိုင်း MNTVတွင် ပြသသွားမည်ဟုလည်း Sedona Hotelတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

"ဒီပရိုဂရမ်က အဖွဲ့နဲ့ လုပ်ရတဲ့အတွက်ကြောင့် ကလေးတွေရဲ့ ပူးပေါင်းဆောင်ရွက်တတ်မှုလည်းကောင်းလာမယ်။ ကလေးတွေလည်း စိတ်ဝင်စားပြီး ပျော်ရွှင်မှုတစ်ခုတော့ရကြလိမ့်မယ်ဟု" ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုညွှန်ကြားရးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောသည်။

Samsung Quiz showတွင် ရွေးချယ်ခံရသည့် ကျောင်းသူ ကျောင်းသားများအား အဆင့်၃ဆင့် နှင့် နောက်ဆုံးအဆင့်ကို မတူညီသည့်ပုံစံများဖြင့် ဉာဏ်စမ်းမေးခွန်းများကို ယှဉ်ပြိုင်ရမည်ဟု သိရသည်။

ဗဟုသုတများလျှင် အောင်မြင်မှုရနိုင်တာကို ပြိုင်ပွဲဝင်ကလေးငယ်တွေ သာမကဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ ကလေးတွေကို ဗဟုသုတပေးချင်ပြီး အသင်းအဖွဲ့ စိတ်ဓာတ်နဲ့ အောင်မြင်မှုတစ်ခုကို ဘယ်လို ရယူမလဲဆိုတာကို သိစေချင်တဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်ရခြင်းဖြစ်သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly