၂၀၁၇-၂၀၁၈ အတွက် ကျွန်းတန် ၁ သောင်းကျော်နှင့်သစ်မာ တန် ၃ သိန်းကျော် ထုတ်လုပ်သွားမည်

၂၀၁၇-၂၀၁၈ အတွက် ကျွန်းတန် ၁ သောင်းကျော်နှင့်သစ်မာ တန် ၃ သိန်းကျော် ထုတ်လုပ်သွားမည်
တနင်္သာရီမြို့၌ သစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ဇွန် ၁၄ ရက်က လာရောက်ရှင်းလင်းစဉ်။ ဓာတ်ပုံ- ဇော်နီ

မြိတ်၊ ဇွန်၊ ၂၆ ။         ။ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ၂၀၁၇-၂၀၁၈ သစ်ထုတ်ရာသီအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ဒေသများမှ ကျွန်းတန် ၁၅၀၀၀ နှင့် သစ်မာ တန် ၃၅၀၀၀၀ ကို ထုတ်လုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၏ မြန်မာ့သစ်လုပ်ငန်းတိုင်း ဒုတိယအထွေထွေမန်နေဂျာ ဦးဝေကြိုင် တနင်္သာရီမြို့၌ သစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ပြောသည်။

ကချင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ရှမ်းပြည်နယ်တို့မှ ကျွန်းသစ် စုစုပေါင်း တန် ၁၅၀၀၀ ထုတ်လုပ်သွား မည်ဖြစ်ပြီး ၊ သစ်မာကို နေပြည်တော်ဒေသအပါအဝင် ကချင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး၊ မန္တလေး၊ ရခိုင်၊ ရှမ်းနှင့် ဧရာဝတီ စသည့် နယ်မြေများမှ စုစုပေါင်း တန် ၃၅၀၀၀၀ ထုတ်လုပ်သွားမည်ဟု သိရသည်။

ယင်းသစ်ထုတ်လုပ်မှုကို မြန်မာ့သစ်လုပ်ငန်း ဌာနပိုင် ဆင်၊ ယာဉ်ယန္တရားတို့ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြင်ပမှ သစ်ထုတ်အင်အားများ ငှားရမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်ဒေသ နွားလဘို့ကြိုးဝိုင်းမှ သစ်မာ ၁၂၀၇ ပင်နှင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ပဝ-ဖိုးမဲ ကြိုးပြင်ကာကွယ်တောနှင့် သကြက်ကြိုးဝိုင်းတို့မှ သစ်မာ ၆၀၉၀ ပင် စုစုပေါင်း သစ်မာတန် ၁၇၀၀၀ ကို ထုတ်လုပ်သွားမည့်အတွက် ယင်းနှင့်ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ်ကို ပြီးခဲ့ သည့် ဇွန် ၁၄ ရက်က ပြုလုပ်ခဲ့သည်။

သစ်ထုတ်ရန်ကြာမြင့်ချိန်အနေဖြင့် ၂၀၁၇ ဇွန် ၁ ရက်မှ ၂၀၁၈ မေ ၃၁ ရက်အထိဆောင်ရွက်သွား မည်ဖြစ်ကာ ထုတ်လုပ်မည့် သစ်များအနေဖြင့် သစ်တောဌာနမှ ပင်ထောင်ရိုက်စနစ်ဖြင့် ရိုက်မှတ်ပေးပြီး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း သစ်ထုတ်လုပ်မှုအတွက် ဌာနအင်အားမလုံလောက်သဖြင့် အငှားစာချုပ်ဖြင့် သစ်ထုတ်လုပ်သွားမည်ဖြစ်ကာ သစ်တန် ၁၇၀၀၀ ထုတ်လုပ်မည့်အနက်မှ တန် ၅၀၀၀ ကို ပြည်ပရောင်းချမှု၊ ပြည်တွင်းရောင်း တန် ၁၂၀၀၀ ဖော်ပြထားပြီး ဒေသသုံးအတွက်မူ တနင်္သာရီတိုင်းဒေသကြီးအတွက် ၅၀ ရာခိုင်နှုန်းခန့် ရရှိအောင် တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒုတိယအထွေထွေမန်နေဂျာ ပြော ကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly