ဖမ်းဆီးခံ သတင်းထောက်များနှင့်ပတ်သက်၍ TNLA ကြေညာချက်ထုတ်ပြန်

ဖမ်းဆီးခံ သတင်းထောက်များနှင့်ပတ်သက်၍ TNLA ကြေညာချက်ထုတ်ပြန်

ဇွန် ၂၇ ။             ။ ဖမ်းဆီးခံရသော သတင်းထောက်များနှင့် ပတ်သက်၍ TNLA က ယနေ့ ဇွန်လ ၂၇ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

PSL/TNLA မှ ကျင်းပသော နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားသို့ သတင်းလာယူခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး သတင်းလာယူသော  သတင်းသမားများအား တပ်မတော်က ဖမ်းဆီးထားသည့်အပေါ် ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဒေသတွင် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ရခြင်းမှာ  ယခင်ပြုလုပ်သောနေရာတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ၂၀၁၅မှ ၂၀၁၇ အတွင်း ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများကို ၂၀၁၇ နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ပါရှိသည်။

အစိုးရနှင့် အပစ်ရပ်လက်မှတ်မထိုးထားသည့် တအာင်း/ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) နယ်မြေတွင် သွားရောက်သတင်းယူသည့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ကိုသိန်းဇော်၊ DVB သတင်းဌာနမှ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုအေးနိုင် နှင့် ကိုပြည့်ဘုန်းအောင်တို့ကို ဇွန် ၂၆ရက်က ဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

ယမန်နေ့ ဇွန်လ ၂၆ ရက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ယင်းသို့ ဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်-သီပေါကားလမ်း၌ တပ်မတော်စစ်ကြောင်းက လမ်းကြောင်း လုံခြုံရေးယူစဉ် ဇွန် ၂၆ရက် မွန်းလွဲ ၃နာရီက နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာအနီး၌ နမ့်ဆန်ဘက်မှ သီပေါဘက်သို့ မောင်းနှင်လာသည့် လင်ခရူဇာအမျိုးအစားယာဉ်နှင့် WISH အမျိုးအစားယာဉ် လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီးတို့ကို တွေ့ရှိ၍ ရပ်တန့်စစ်ဆေးခဲ့ရာမှ အဆိုပါ သတင်းထောက် ၃ဦးအပါအဝင် အမျိုးသား ၇ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags