ဗုဒ္ဓသာသနာတော်သန့်ရှင်းရေး လုပ်မည်ဟု သာ/ယဉ် ဝန်ကြီး ပြော

ဗုဒ္ဓသာသနာတော်သန့်ရှင်းရေး လုပ်မည်ဟု သာ/ယဉ် ဝန်ကြီး ပြော
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာဘောလုံးကွင်းတွင် သံဃာတော်တချို့ ဦးဆောင်ဟောပြောသည် သာ/ယဉ်ဝန်ကြီးအား ကန့်ကွက်ရှုတ်ချပွဲ (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဇွန် ၂၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့မှ အစပြု၍ မျိုးချစ်အမည်ခံ လူ၊ ရဟန်းအဖွဲ့အစည်းတချို့၏ လုပ်ဆောင်ချက်များသည် ဗုဒ္ဓသာသနာ သန့်ရှင်း၊ တည်တံ့မှုကို ထိခိုက်လာသောကြောင့် စမ္မစက်နှင့် အာဏာစက် နှစ်ခုပေါင်းပြီး အရေးယူမည့် သာသနာတော် သန့်ရှင်းရေး စီမံချက်တစ်ရပ် ရေးဆွဲသွားမည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုလိုက်သည်။

“သာသနာတော်ကြီးက အစဉ်တော့ တည်တံ့နေပါတယ်။ ဒါပေမယ့် မသန့်မရှင်းနဲ့ဆိုတော့ ဒါကြောင့် သာသနာတော်သန့်ရှင်းရေးကိုတော့ဖြင့် မဝေးတော့တဲ့ အနာဂတ်ကာလမှာ လုပ်နိုင်ဖို့အတွက်ကို ဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့ ကိန်းဂဏန်းစာရင်းဇယား အချက်အလက်တွေ စုစည်းပြီးတော့မှ စီမံချက်ရေးဆွဲနိုင်ဖို့ကို စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု သူရဦးအောင်ကိုက ပြောသည်။

မျိုးချစ်အမည်ခံ လူ၊ ရဟန်းအဖွဲ့အစည်းတချို့၏ လုပ်ဆောင်ချက်များသည် သံဃာ့အခြေခံစည်းမျဉ်းနှင့်ဆန့်ကျင်ကာ လူမှုရေး၊ နိုင်ငံရေးကိစ္စများတွင် ပါဝင်ကာ အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းလိုသည့် လုပ်ရပ်များကို လုပ်ဆောင်နေသည်ဟု သူရဦးအောင်ကိုက ဆိုသည်။

“မျိုးချစ်နိုင်ငံရေးအမည်ခံပြီးတော့မှ ပြည်သူလူထုကရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီအစိုးရ ပြုတ်ကျဖို့၊ မတည်မငြိမ်ဖြစ်ဖို့ နောက်ပြီးတော့လည်း အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းလိုတဲ့ လူပုဂ္ဂိုလ်တစ်ခုရဲ့ ငွေကြေးထောက်ပံ့မှုကို လက်ခံပြီးတော့မှ အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းလိုတဲ့ လုပ်ရပ်တွေ လုပ်နေတာ” ဟု သူက ပြောသည်။

ထို့ကြောင့် သာသနာတော်သန့်ရှင်းရေးအတွက် စီမံချက်ရေးဆွဲပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန)ထံ တင်ပြပြီးနောက် မဟန၏ ဩဝါဒဖြင့် ဖြည့်စွက်၊ ပြင်ဆင်ချက်များအပေါ် မူတည်ကာ နိုင်ငံတော်အစိုးရထံ ဆက်လက် တင်ပြသွားမည်ဟု သူရဦးအောင်ကိုက ဇွန်လ ၂၇ရက်တွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဓမ္မစက်နဲ့ အမိန့်ပေးရပါတယ်။ မရပ်ဘူးဆိုရင် အာဏာစက်နဲ့ ဖမ်းဆီးမယ်၊ ချုပ်နှောင်မယ်၊ အရေးယူတာ လုပ်ရပါတယ်။ သာသနာတော်သန့်ရှင်းရေးဆိုတာ ဓမ္မစက်နဲ့ အာဏာစက် နှစ်ရပ်ပေါင်းပြီး လုပ်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ကြီးမား ကျယ်ပြန့်သည့် လုပ်ငန်း ဖြစ်သောကြောင့် အသေးစိတ် စီမံချက်ရေးဆွဲရန်နင့် အကောင်အထည်ဖော်ဆောင်ရန် အချိန်ယူရဦးမည်ဟုလည်း သူရဦးအောင်ကိုက ပြောသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် သံဃာပေါင်း ၅သိန်းကျော် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly