ပါဒလိတ်မှ မူစဲကျွန်းသွားသော ကူးတို့စက်လှေ နစ်မြှုပ်ရာ တစ်ဦးအား ရှာမတွေ့သေး

ပါဒလိတ်မှ မူစဲကျွန်းသွားသော ကူးတို့စက်လှေ နစ်မြှုပ်ရာ တစ်ဦးအား ရှာမတွေ့သေး
ဓာတ်ပုံ - နောင်နောင်/RiA

စစ်တွေ၊ ဇွန် ၂၇ ရက်။        ။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာတွင် ယနေ့ ဇွန်လ ၂၇ ရက်နေ့ နေ့လည်ပိုင်းက ပါဒလိတ်ကျေးရွာမှ  မူစဲကမ်းဘက်သို့သွားသော ကူးတို့စက်လှေတစ်စီး နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

၎င်းကူးတို့စက်လှေတွင် ခရီးသည် ၂၁ ဦးလိုက်ပါလာရာ ယခုအခါ ၂၀ ဦးကို ရှာဖွေတွေ့ရှိပြီး ၁ ဦးမှာ ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

“ကူးတို့ဘုတ်က ကြာတယ်ဆိုပြီးတော့ ခရီးသည်တွေက အဲဒီစက်လှေနဲ့ပဲ လိုက်သွားကြာတာပါ။ စက်လှေက လောင်းစက်လှေဆိုတော့ စက်လှေပေါ်မှာက လူ ၁၀ ကျော်လောက်ပဲ ဆံ့တာပါ။ အခုက ၂၀ ကျော်တင်သွားလို့ နစ်တာ ထင်ပါတယ်။ နစ်နေတဲ့ စက်လှေကို ညောင်ဖြူရွာကလာတဲ့ စက်လှေက ဝင်ကယ်လို့ လူ ၂၀ တော့ ပြန်တွေ့ပါပြီ။ အဲဒီ၂၀ ထဲက မိန်းမနှစ်ယောက်ကတော့   ဆေးရုံတင်ထားရပါတယ်။ ပျောက်နေတဲ့ တစ်ယောက်က သေလား၊ ရှင်လားတော့ မသိသေးပါဘူး။ လိုက်ရှာနေတုန်းပါပဲ”ဟု ပါဒလိတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းဝင်းက ပြောသည်။

၎င်းစက်လှေနစ်မြုပ်ရာမှ ပျောက်နေသောသူမှာ ဧရာဝတီတိုင်းမှ ကရင်လူမျိုး (ရှေ့စ်ဖိုလ်) အသက်(၂၃)နှစ် ဆိုသူဖြစ်ပြီး ၎င်းသည် ရသေ့တောင်မြို့နယ် ရန်အောင်ပြင်ကျေးရွာတွင် သံခြံစည်းရိုးများကာရန် သွားသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

“စက်လှေပေါ်မှာက လူ ၂၀ ကျော်လောက်ပါလာတော့ အသက်ကယ်အင်္ကျီက ၆ လုံး၊ ၇ လုံးလောက်ပဲပါ ပါတယ်။  မြစ်အလယ်မှာ လှိုင်းက ကြီးလာပြီး လူကလည်းများလာတော့ နစ်သွားပါတယ်။ ကျွန်တော်က ရေထဲမှာ ၁၀ မိနစ် လောက် မြှုပ်နေခဲ့ပြီး ခဏကြာတော့ စက်လှေတစ်စီးက လာကယ်ပါတယ်။ ကျွန်တော်တို့နဲ့ အလုပ်အတူတူလုပ်နေတဲ့ တစ်ယောက်တော့ ပျောက်နေပါတယ်။ သူကစကားလည်းမပြောတတ်ဘူး” ဟု စက်လှေနစ်မြှုပ်ရာမှ လွတ်မြောက် လာသော ရန်အောင်ပြင်ကျေးရွာမှ ဦးကျော်အေးက ပြောသည်။

အဆိုပါစက်လှေနစ်မြှုပ်ရာမှ ပျောက်ဆုံးနေသူအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မော်တော်ဘုတ်များဖြင့်  မြစ်ကမ်းတလျှောက်တွင် လိုက်လံရှာဖွေနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly