ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ရှိသင့်ရဲ့လား (အပိုင်း ၂)

27 June 2017
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ရှိသင့်ရဲ့လား (အပိုင်း ၂)

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဆရာဦးသီဟစေဟာ ဆရာတို့ကလည်း ဒီ လွှတ်တော်အသိုင်းအဝိုင်းက အရာရှိတွေ ဒါမှမဟုတ်ရင် လွှတ်တော်ဘက်က လုပ်နိုင်ကိုင်နိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ သွားပြီးတော့ ဆွေးနွေးတဲ့အခါမှာ ဒီပုဒ်မကို ပြင်ဖို့လည်း တိုက်တွန်းခဲ့တယ်ခဲ့တယ်ပေါ့နော်။ ဆရာတို့ကလည်း ဒီပုဒ်မကို ပြင်သင့်တယ်လို့ ပြောတဲ့အခါမှာ အခြေအနေ ဘယ်လိုရှိသလဲ။ ပြင်သင့် မပြင်သင့် အဲဒါကျတော့ ဘယ် Level ထိ ရောက်နေပြီလဲ။

ဦးသီဟစော (Executive Director)

မြန်မာ သတင်းပညာသိပ္ပံ

အမှန်အတိုင်းပြောရရင် ကျွန်တော်တို့က သတင်းမီဒီယာကောင်စီအနေနဲ့က ဒီဟာတွေကို ပြင်သင့်တယ်လို့ အစောကြီးကတည်းက ပြောပြီးသား။ အဲဒါတင်မကဘူး သတင်းမီဒီယာ ဥပဒေမှာပါ အရင်အစိုးရနဲ့ ကျွန်တော်တို့နဲ့ တွဲပြီးတော့ ရေးခဲ့ရတဲ့ ဥပဒေမို့လို့ သတင်းမီဒီယာ ဥပဒေတွေ အဲဒီမှာလည်း အားနည်းချက်တွေရှိတယ်။ သိတယ်။ အဲဒါတွေကိုလည်း ပြင်ဖို့ ကျွန်တော်တို့က အဲဒီမှာ ပြင်ဖို့လုပ်နေတယ်။ အဲဒါက နှစ်ချီပြီးတော့ကို ကြာနေပြီ။ ကြာနေပြီးတော့ လွှတ်တော်မှာ သူရဦးရွှေမန်းတို့ရဲ့ ကော်မရှင်နဲ့တွေ့တယ်။ တခြားသူတွေနဲ့တွေ့တယ်။ အဲဒါလည်း သုံးကြိမ် လေးကြိမ်လောက် တွေ့ပြီးပြီ ဆွေးနွေးတယ်။ အများစုကတော့ ပြင်ဖို့လက်ခံတယ်။ ဒါပေမယ့် ဘယ်လိုပြင်မလဲ ဘယ်လောက်ထိ ပြင်မလဲ အဲဒါတာဝန်က ဘယ်သူ့မှာရှိလဲ။ ကျွန်တော်တု့ိက လူထုအနေနဲ့ပြောတာ သို့မဟုတ် မီဒီယာသမားတွေအနေနဲ့ ပြောတာဆိုလို့ရှိရင် ကျွန်တော်တို့က ပြောတဲ့စကားနဲ့ ပြောတဲ့ဆန္ဒပဲရှိတယ်။ တကယ်ပြင်ခွင့်ရှိတဲ့သူက လွှတ်တော်အမတ်တွေပဲ ရှိမှာ။ ပြည်ထောင်စုလွှတ်တော် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်မှာရှိတဲ့ အမတ်တွေက သူတို့တင် သူတို့ပြင်ရမှာပေါ့။ ဆိုတော့ အဲဒီအမတ်တွေက လိုလိုလားလား ပြင်ချင်ရဲ့လားဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ကျွန်တော် ထင်ပါတယ်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့ သတင်းဖတ်လိုက်ရပါတယ်။ ဘာသတင်းလဲဆိုတဲ့အခါကျတော့ ပြင်ဖို့လုပ်နေပြီ ဒါမှမဟုတ်ရင် အဲဒီအဆိုကို တင်ဖို့ နှစ်ခါတောင် ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပါတီက ပါတီရဲ့ စိစစ်ရေး ကော်မတီကနေပြီးတော့ ခဏ ဆိုင်းငံ့ထားတယ်လို့ ပြောတယ်။ ဆိုတော့ ကျွန်တော်တို့က ဘယ်လောက်ထိ စောင့်ရဦးမှာလဲ စောင့်နိုင်ဦးမှာလဲ။ ဒီ မပြင်နိုင်ခင်မှာ ကျွန်တော်တို့ ခုနကပြောတဲ့ လွှတ်လပ်စွာ ထုတ်ဖော်ခွင့် ဒါမှမဟုတ်ရင် လူ့အခွင့်အရေးကို ဘယ်လောက်တောင် ထိခိုက်နိုင်တယ်ဆိုတာကို ကိုမိုဃ်းသွေး သုံးသပ်ပေးပါဦး။

ကိုမိုဃ်းသွေး (ဥက္ကဋ္ဌ)

Generation Wave

တစ်ဖက်မှာလည်းပဲ ကျွန်တော်တု့ိ မောင်ဆောင်းခတို့နဲ့ တွဲပြီးတော့မှ ဒီ ဆက်သွယ်ရေးဥပဒေပုဒ်မ ပြင်ဆင်ရေး လုပ်ငန်းအဖွဲ့လေးပေါ့ အဲဒီအထဲမှာ ကျွန်တော်တို့ ပါဝင်နေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ကျွန်တော်တို့ ဒီ ကာတွန်းပြပွဲလေးကိုလည်း လှည်းတန်းမှာ လုပ်ခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ ဒီလကုန်ပိုင်း နောက်လဆန်းလောက်မှာ အဲဒီမှာလည်း ကျွန်တော်တို့ နေပြည်တော်အထိ သွားရောက်ပြီးတော့မှ သက်ဆိုင်ရာတွေကို ကျွန်တော်တို့ တိုက်တွန်း ပြောဆိုဖို့ အစီအစဉ်လေးလည်း ရှိတယ်။ ပြီးတော့ အဲဒီကြားထဲမှာ ကျွန်တော်တို့ ဘယ်အချက်တွေ ပြင်သင့်တယ် ဘယ်အချက်တွေ ဖြတ်သင့်တယ်ဆိုတာလေးကိုလည်း ဆွေးနွေးထားတာလေးတွေ ရှိတယ်။ ဆိုတော့ ဘယ်လောက်ထိ စောင့်ရဦးမလဲ ဆိုတဲ့အခါကျတော့ တစ်ဖက်မှာ ကျွန်တော်တု့ိက လက်ရှိ အာဏာရနေတဲ့ အစိုးရနဲ့ လက်ရှိ လွှတ်တော်မှာ မဲအများဆုံးရှိနေတဲ့ နိုင်ငံရေးပါတီတွေအပေါ်မှာ မူတည်တယ်လို့ ကျွန်တော်တို့ မြင်ရတယ်ပေါ့။

အခု ကြားနေရတဲ့ သတင်းတွေက မကောင်းတဲ့အချက်က ဘာလဲဆိုတော့ စစ်ကိုင်းတိုင်းက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်ကနေပြီးတော့ ပထမတစ်ကြိမ် တင်ခဲ့တယ်။ အခုတစ်ကြိမ်လည်း ထပ်တင်တယ်။ အဲဒါက ပါတီတွင်းက စိစစ်ရေးကော်မတီမှာပဲ ဖယ်ရှားခံရတယ်လို့ ကြားရတယ်။ ဆိုတော့ အဲဒီဟာကလည်း ကျွန်တော်တို့ ဒီမိုကရေစီမှာ သွားနေတဲ့ ဥပဒေပြုရေး လုပ်ငန်းစဉ်မှာ ကျွန်တော်တို့က ပြဿနာတစ်ရပ်လို့ သွားပြီးတော့ မြင်ရတာပေါ့နော်။ နိုင်ငံရေးပါတီတွေကို ကျွန်တော်တို့ မဲပေးတာတော့ မှန်တယ်။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာက ကျွန်တော်တို့ ပါတီတွေကို ကိုယ်စားပြုတာထက် သူ့ရဲ့ မဲဆန္ဒနယ်ကို ကိုယ်စားပြုတာ ဖြစ်တယ်ပေါ့။ ဆိုတော့ မဲဆန္ဒနယ်မြေကို ကိုယ်စားပြုထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်က ပါတီက ဒါမပြောနဲ့ ဒါမလုပ်နဲ့ဆိုရင် ပြောလို့ လုပ်လို့ မရဘူးဆိုတဲ့ အနေအထားကို ရောက်နေတာကလည်း တရားဥပဒေပြုရေးမှာ ကျွန်တော်တို့ မကောင်းတဲ့အချက် တစ်ခုအနေနဲ့ မြင်ရတယ်။

ဘယ်လောက်ကြာမလဲဆိုတာကတော့ ကျွန်တေ်ာတို့ ဒီပါတီရဲ့ မူဝါဒအပေါ်မှာပဲ ဆိုင်တယ်လို့ ကျွန်တော်တို့ မြင်တယ်။ အဲဒါကတော့ အဲဒီမတိုင်ခင်မှာ ဘာတွေ ဖြစ်လာနိုင်လဲဆိုတော့ ခုနကတုန်းကလို ပထမဦးဆုံး ထိခိုက်လာနိုင်တဲ့ ပြဿနာက ကျွန်တော်တို့ ဒီမိုကရေစီကို သွားမယ်လို့ ပြောခဲ့ကြတယ်။ သွားမယ်လို့ ပြောတဲ့ နိုင်ငံရေးပါတီတွေကိုလည်း ပြည်သူလူထုက တစ်ခဲနက် မဲပေးခဲ့ကြတယ်။ ဒါပေမယ့် ပြဿနာက အာဏာရပြီးသွားတဲ့အချိန်မှာ အဲဒီကိုယ်စားလှယ်တွေ အဲဒီ ပါတီခေါင်းဆောင်တွေ အဲဒီအစိုးရ ခေါင်းဆောင်တွေကိုယ်တိုင်က ဒီမိုကရက်တစ်စံနှုန်းတွေကို ချိုးဖောက်နေတဲ့ ဒီလိုဥပဒေမျိုးကို မပြင်ချင်ဘူး ဆက်ပြီးတော့ ကိုင်ဆွဲထားချင်တယ်။ ဒီဟာကြီးက ကျွန်တော်တို့အတွက် တော်တော်ကြီးကို ယုံကြည်မှုဆိုင်ရာ ပြဿနာတစ်ခု ဖြစ်တယ်လို့ မြင်တယ်။ ဒါ လူတိုင်းအတွက်တော့ ဟုတ်ချင်လည်းဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့။

 နောက်တစ်ချက်က ဒီ ၆၆(ဃ)တင်မဟုတ်ဘူး ပြီးခဲ့တဲ့ ပုဒ်မ ၁၈ ငြိမ်းစုစီ ဥပဒေကို ပြင်ခဲ့တဲ့ ဥပဒေမှာဆိုရင် တကယ်တမ်းက သင့်တော်တဲ့ အနေအထားတွေ မဟုတ်နေသေးဘူး။ အများကြီးကို အားနည်းချက်တွေက ထပ်ပြီးတော့ ရှိနေသေးတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့ မျှော်လင့်ထားတာက ဒီ NLD ပါတီ အာဏာရလာတဲ့အခါကျရင် ဒီမိုကရက်တစ် စံနှုန်းတွေနဲ့ ညီအောင်လို့ ဒီ ဖိနှိပ်နေတဲ့ ဥပဒေတွေ ပြင်လိမ့်မယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဖိနှိပ်ထားတဲ့ ဥပဒေတွေကို ဖျက်သိမ်းတာတွေရှိမယ် ပြင်တာတွေ ရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတာ။ ဒါပေမယ့် ပြဿနာက သူ့အစိုးရ ဖြစ်လာတဲ့အချိန်မှာကိုပဲ ဒီ လူ့အခွင့်အရေးကို ဖိနှိပ်တာတွေကို ပြန်ပြီးတော့ မှ အစိုးရကိုယ်၌ကိုက လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်၌ကရော လက်နက်တစ်ခုလို ပြန်သုံးလာတာက ကျွန်တော်တို့အတွက် တော်တော်ကို မကောင်းဘူး။ နောက်ပြီးတော့ နိုင်ငံတော်အတွက်လည်း မကောင်းဘူးလို့ ကျွန်တော် မြင်တယ်။

ဥပမာ ကျွန်တော် တိတိကျကျ ပြောရမယ်ဆိုလို့ရှိရင် ၆၆(ဃ) နဲ့ ပတ်သက်လို့ လွှတ်တော် အမတ်တွေကိုယ်တိုင်က ပြန်ပြီးတော့မှ ပြည်သူလူထုကို တရားစွဲထားတဲ့ အဖြစ်တွေလည်း သုံးလေးခုလောက် ရှိပါတယ်။ ဆိုတော့ အထူးသဖြင့် ဝန်ကြီးချုပ် ကိုယ်တိုင်ပေါ့နော်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် ဆွဲထားခဲ့တဲ့ဟာတွေ ရှိတယ်ပေါ့။ ဒါတွေက တော်တော်လေး ဒီမိုကရေစီအတွက်တော့ ကျင့်ဝတ်ပိုင်းအရ မကောင်းတဲ့ ကိစ္စတွေလို့ ကျွန်တော် မြင်ပါတယ်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ကျေးဇူးပါ။ ဆရာ့ကို ကျွန်တော် တစ်ချက်လေး မေးပါရစေ။ အဲဒီမှာ ရဲအရေးပိုင်တဲ့ အမှုလို့ ပြောထားတဲ့အခါကျတော့ ကျွန်တော်တို့ သာမာန်လူတစ်ယောက်အနေနဲ့ မြင်ကြည့်မယ်ဆိုလို့ရှိရင် တစ်စုံတစ်ယောက်က ၆၆(ဃ)နဲ့ တရားစွဲခံရပြီဆိုရင် အပြစ်ရှိသည်ပဲဖြစ်စေ မရှိသည်ဖြစ်စေ ခုနကပြောသလို ခိုး၊ ဆိုး၊ တိုက်၊ လု ဒါမျိုးတွေမဟုတ်ပဲနဲ့ ဒီ ၆၆(ဃ)နဲ့ စွဲခံရပြီဆိုရင် အချုပ်ထဲကို လာတော့ဆိုတဲ့ ပုံစံမျိုး၊ ဒီဥပဒေ ပုဒ်မက တကယ်ရော ပြဌာန်းသင့်တဲ့ ပုဒ်မလား၊ ဒါမှမဟုတ်ရင် ဘယ်လိုမျိုး ကျွန်တော်တို့ လုပ်သင့်သလဲ။

ဦးရောဘတ်ဆန်းအောင်

(တရားလွှတ်တော်ရှေ့နေ)

အဲဒီမှာ ဒီဥပဒေနဲ့ပတ်သက်လို့ သူက ပုဒ်မ ၈၀(ဃ)မှာ ရဲအရေးပိုင်တဲ့ ပြစ်မှုလို့ ပြဌာန်းလိုက်တဲ့အခါကျတော့ တိုင်လိုက်တာနဲ့ ကောက်ခနဲ ဖမ်းတာပဲ။ ဆိုတော့ ဘာမှ ဖြေရှင်းချက်မပေးရသေးဘူး အချုပ်ထဲကို ရောက်သွားပြီ။ အချုပ်ထဲရောက်ပြီဆိုရင် သူ့ကို လိုသလို ပုံသွင်းတာပေါ့။ အဲဒီသဘောတွေပါ။ အဲတော့ အမုန်းတရားတွေကို အအုံနဲ့ အကျင်းနဲ့ ဖြန့်နေတဲ့လူတွေ လူသတ်တာကို အားပေးအားမြှောက် လုပ်နေတဲ့သူတွေကျတော့ ယနေ့အချိန်ထိ တစ်မှုမှ မစွဲရသေးဘူး။ အဲတော့ ကျွန်တော်က ဘယ်လိုနားလည်လဲဆိုတော့ အော် ဒီ ၆၆(ဃ)ဆိုတာက ဒီ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ လှုံ့ဆော်နေတဲ့ လူတွေနဲ့ မသက်ဆိုင်ဘူး အကျုံးမဝင်ဘူး၊ တခြားလူတွေနဲ့သာ အကျုံးဝင်တဲ့ ပုဒ်မလို့ ကျွန်တော်က နားလည်တော့တယ်။ အဲတော့ ဒီ ၆၆(ဃ)မှာ အရင်ဆုံး ဝင်သွားမယ် နောက် ဆန်ရှင်ဆိုတဲ့ ခွင့်ပြုချက်ကလည်း လွယ်လင့်တကူ ကျလာတယ်။ နောက် ထောင်ကျတယ်။ ဘဝပျက်တယ်။ ၆၆(ဃ)နဲ့ မြို့နယ်ရုံးက လွှတ်လိုက်တဲ့အမှု တစ်ခုမှုမရှိဘူး။ ကြားကြား မီးယပ်ပဲ ရော့ ဒီဆေးပြားသောက် စားရိတ်ငြိမ်း ထောင် (၆)လ သွားပေတော့လို့ ဖြစ်နေတယ်ဗျ။

အပိုင်း (၁)ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်- http://www.mizzimaburmese.com/article/28615

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly