လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကျောင်းသားခေါင်းဆောင် သခင်ဗဟိန်း နှစ် ၁၀၀ ပြည့် ကဗ္ဗည်းကျောက်စာစိုက်ထူ

လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကျောင်းသားခေါင်းဆောင် သခင်ဗဟိန်း နှစ် ၁၀၀ ပြည့် ကဗ္ဗည်းကျောက်စာစိုက်ထူ
ဓာတ်ပုံ-ဘိုဘို(မဇ္ဈိမ)

မန္တလေး၊ ဇွန် ၂၇ ။             ။ သခင်ဗဟိန်း နှစ်၁၀၀ပြည့် အထိမ်းအမှတ် ကဗ္ဗည်းကျောက်စာတိုင် စိုက်ထူးပွဲကို ဇွန်လ ၂၇ ရက်၊ နံနက်ပိုင်းက မန္တလေးမြို့၊ မန္တလေး-စစ်ကိုင်းလမ်းဘေးရှိ အာဇာနည်ဗိမ္မာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျောင်းသူ/ကျောင်းသားများ၊ အလုပ်သမား၊ လယ်သမားများ၊ နိုင်ငံရေးသမားများ၊ စာရေးဆရာ၊ ကဗျာဆရာများနှင့် သတင်းစာဆရာကြီးများသည် မန္တလေးမြို့၊ ၃၁လမ်း၊ ၈၄လမ်းထောင့်ရှိ ဓမ္မသာလခန်းမမှ ၈၄လမ်း(မန္တလေး-စစ်ကိုင်း)လမ်းအတိုင်း ချီတက်ကာ ဂါရဝပြုခဲ့ကြသည်။

ထိုသို့ဂါရဝပြုပြီးနောက် အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးခြင်း၊ တက်ရောက်လာသူအချို့မှ အမှတ်တရစကားများပြောကြားနှင့် နိုင်ငံရေးအဖွဲ့အစည်းအချို့မှပေးပို့သည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

၆၆ခုနှစ်ကျောင်းသားဟောင်း ရဲဘော် အောင်သူက "သမိုင်းမှာ ချန်ထားလို့မရဘူး။ ဖျောက်ထားလို့မရဘူး။ အဲလိုချန်လို့ဖျောက်လို့ မရတဲ့အထဲမှာ ရဲဘော် ဗဟိန်းပါတယ်။"ဟုပြောသည်။

သခင်ဗဟိန်း၏ မိသားစုဝင်တစ်ဦးက "အခုလို သတိတရ မှတ်မှတ်ရရလုပ်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ ဂုဏ်လည်းယူတယ်။ ဝမ်းလည်းသာပါတယ်။"ဟုပြောသည်။

သခင်ဗဟိန်းကို အင်းဝမြို့၌ ၁၂၇၉ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့သည်။ မူလတန်းပညာကို အင်းဝမြို့တွင် သင်ကြားခဲ့ပြီးနောက် မိသားစုက မန္တလေးမြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့၍ ဗဟိုအမျိုးသားအထက်တန်းကျောင်း၊ မန္တလေး ဥပစာကောလိပ်တို့မှာ ဆက်လက်ပညာသင်ကြားခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေတန်းတက်ရောက်နေစဉ် ၁၉၃၈ခုနှစ်၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။ ထိုနှစ်မှာပင် ရေနံမြေ အလုပ်သမားထုကြီး၏ ခရီးရှည်ချီတက်ပွဲကို အုပ်စိုးသူများက မတရားဖမ်းဆီးခဲ့သောကြောင့် သခင်ဗဟိန်းသည် မကွေးမြို့အထိသွားရောက်ကာ တရားဟောခဲ့သည်။ ထိုသို့တရားဟောခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်အတွင်းမှာပင် ဓနရှင်လောက စာအုပ်ကို ပြုစုခဲ့သည်။

သခင်ဗဟိန်းသည် ၁၉၃၉ခုနှစ်တွင် ကျောင်းထွက်ပြီး သခင်အောင်ဆန်း၊ သခင်စိုး၊ ရဲဘော် ဂိုရှယ်တို့နှင့်အတူ ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက် တည်ထောင်ခဲ့သည်။ နိုင်ငံရေးကို   ခြေစုံပစ်ဝင်ပြီး   မြေအောက်တော်လှန်ရေးကို ဦးဆောင်ကာ ပြည်သူ့အရေးတော်ပုံ စာတမ်း ၊မီးပွားစာစောင်၊ မြန်မာတော်လှန်မှု စာတမ်းတွေကို ရေးသားခဲ့သည်။ ထို့နောက် နိုင်ငံရေးခံယူချက်တူသည့် မခင်ကြီးနှင့်လက်ထပ်ခဲ့သည်။

၁၉၄၁ခုနှစ်တွင် တို့ဗမာအစည်းအရုံး၌ အမှုဆောင်လူကြီးတာဝန်ယူခဲ့သည်။ ဂျပန်တော်လှန်ရေးကာလအတွင်း ပဲခူးရိုးမတွင် သခင်သန်းထွန်း၊ သခင်သန်းဖေတို့နှင့် တွဲပြီး နိုင်ငံရေးမှူးတာဝန်နှင့်   ပြောက်ကျားတပ်ကို ဦးဆောင်ကာ ရန်သူကို အများဆုံးချေမှုန်းနိုင်ခဲ့သည်။ တော်လှန်ရေးကာလမှာပင် ကရင်-ဗမာ သွေးစည်းရေးစာတမ်းနှင့်လီနင်၏ အစိုးရနှင့်တော်လှန်ရေး ကျမ်း ဘာသာပြန်တွေကို ပြုစုခဲ့သည်။

ဂျပန်တော်လှန်ရေးအပြီး ဖဆပလကို ပြည်လည်ထူထောင်သူတစ်ဦးအဖြစ် ဗဟိုဦးစီးအဖွဲ့ဝင် တာဝန်ယူခဲ့သလို ဗမာပြည်ကွန်မြူနစ်ပါတီကိုလည်း စနစ်တကျ ပြန်လည်စည်းရုံးဖွဲ့စည်းရာမှာ ပေါ်လစ်ဗြူရို လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ၁၉၄၅ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့မှာ စတင်ထုတ်ဝေသည့် ပြည်သူ့အာဏဂျာနယ်၏ ဦးစီးစာတည်းချုပ် တာဝန်လည်းယူခဲ့သည်။

နိုင်ငံရေးခရီးကြမ်းတစ်လျှောက် ဂျပန်တော်လှန်ရေးတလျှောက် ပင်ပန်းဆင်းရဲမှုတွေကြောင့် ကျန်းမာရေး ချို့ယွင်းလာ၍ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွင့်ယူပြီး မန္တလေးက မိဘများနေအိမ်သို့ပြန်ကာ   ဆေးကုသခဲ့ရာ ၁၉၄၆ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်၊ နံနက် ၅ နာရီခွဲတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၂၉ နှစ်သာ ရှိသေးသည်။

ကိုးကား - ဆရာဆူးဌက်၏ ဟိန်းမော်ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly