ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖော်ဆောင်ရန် ထရမ့်နှင့် မိုဒီ သဘောတူ

ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖော်ဆောင်ရန် ထရမ့်နှင့် မိုဒီ သဘောတူ

ဝါရှင်တန်၊ ဇွန် ၂၇ ။            ။ အမေရိကန်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့က ဇွန် ၂၆ ရက်တွင် ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှု၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖော်ဆောင်သွားရေးကို သဘောတူခဲ့ကြသည်။

ကုန်သွယ်ရေးနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးဆက်ဆံမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတို့က ထရမ့်နှင့် မိုဒီကြား မျက်နှာချင်းဆိုင် ပထမဆုံးတွေ့ဆုံမှုတွင် အဓိကဆွေးနွေးသော အကြောင်းအရာများဖြစ်ခဲ့သည်။

“ကျွန်တော်အနေနဲ့ မီဒီယာကို၊ အမေရိကန်ပြည်သူတွေကို၊ အိန္ဒိယပြည်သူတွေကို ဂုဏ်ယူစွာ ကြေညာလိုပါတယ်။ ဝန်ကြီးချုပ် မိုဒီနဲ့ ကျွန်တော်ဟာ လူမှုမီဒီယာမှာ ကမ္ဘာ့ခေါင်းဆောင်တွေဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံက နိုင်ငံသားတွေကို တိုက်ရိုက်ဆက်ဆံမှု လမ်းကြောင်းမှာ ရှိနေသူတွေလည်းဖြစ်တယ်။”ဟု တွေ့ဆုံမှုပြီးနောက် ထရမ့်က ဆိုသည်။

ထရမ့်နှင့် မိုဒီသည် လူမှုမီဒီယာ တွစ်တာအကောင့်အသီးသီး ပုံမှန်သုံးစွဲတတ်သူများဖြစ်ကာ ထရမ့်က ဖလိုဝါ ၃၂ ဒဿမ ၈ သန်းနှင့် မိုဒီက ၃၁ သန်း အသီးသီး ရှိထားကြသည်။

ပထမဆုံး နှစ်ဦး တွေ့ဆုံမှုတွင် ရင်းနှီးဖော်ရွေသော အနေအထားရှိသကဲ့သို့ နွေးထွေးသော ပြောဆိုမှု ရှိကြောင်း တွေ့ရသည်။

အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေအပြောင်းအလဲကြောင့် တင်းမာမှု ရှိနေခြင်းကိုလည်း ရှောင်ဖယ်ကာ ဆက်ဆံသွားကြသည်။

အိန္ဒိယနိုင်ငံသည် အမေရိကန်က ဆက်သွယ်ရေးနည်းပညာကုမ္ပဏီများသို့ နှစ်စဉ် နည်းပညာရှင် ထောင်ပေါင်းများစွာ စေလွှတ်နေရသည့် နိုင်ငံဖြစ်သည်။

ထရမ့်က အမေရိကန်အလုပ်သမားများကို ကာကွယ်နိုင်ရေးအတွက် သိပ္ပံနယ်ပယ်၊ အင်ဂျင်နီးယားရင်းနှင့် နည်းပညာနယ်ပယ်တို့အတွက် နိုင်ငံခြားအလုပ်သမားများ ခေါ်ယူသည့် H-1B ဗီဇာအပေါ် တင်းကြပ်မှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly