၂၀၁၅ ခုနှစ်၏ အားအပြင်းဆုံးမုန်တိုင်း ဆိုဒလာ ဂျပန်နှင့် တရုတ်သို့ ဦးတည်နေ

၂၀၁၅ ခုနှစ်၏ အားအပြင်းဆုံးမုန်တိုင်း ဆိုဒလာ ဂျပန်နှင့် တရုတ်သို့ ဦးတည်နေ

ဟာဂါတမ်၊ သြဂုတ် - ၄ ။        ။ စူပါတိုင်ဖွန်းမုန်တိုင်း ဆိုဒလာ (Soudelor)မှာ နော့သင်းမာရီယာနာကျွန်းကို ဖြတ်သန်းတိုက်ခတ်ပြီးနောက် သြဂုတ်လ ၄ရက်နေ့က ယခုနှစ်၏ ကမ္ဘာ့အင်အားအပြင်းဆုံး မုန်တိုင်းအဖြစ်သို့ အားကောင်းသွားပြီး ဂျပန်၊ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံများသို့ ဦးတည်နေသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရှိရသည်။

မုန်တိုင်းမှာ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းကို လေတိုက်နှုန်း တစ်နာရီ မိုင်၂၂၀ဖြင့် ဖြတ်သန်းနေပြီး၊ Joint Typhoon Warning Center က အမြင့်ဆုံး အဆင့်၅သတ်မှတ်ထားသည်။  

ယခုတိုင်ဖွန်းမုန်တိုင်း ဆိုဒလာမှာ လွန်ခဲ့သော၅လက ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဗနုအာတူကို ဖြတ်သန်းတိုက်ခတ်စဉ် လူ ၁၅ဦးသေဆုံးခဲ့ရသည့် ၂၀၁၅ခုနှစ်၏ အပြင်းထန်ဆုံးမုန်တိုင်း ဆိုင်ကလုန်း ပန် (Cyclone Pam)ထက်ပင် ပိုမိုပြင်းထန်သည်ဟု ဆိုသည်။

ဆိုဒလာကြောင့် အသေအပျောက်သတင်းမကြားရသေးသော်လည်း သြဂုတ်လ ၂ရက်နေ့က နော့သင်းမာရီယာနာကို ဖြတ်သန်းတိုက်ခိုက်သွားရာတစ်လျှောက် အပျက်အစီးလမ်းကြောင်းကြီး ကျန်ရစ်ခဲ့ ပြီးဒေသအုပ်ချုပ်ရေးမှူးက အကြီးစားသဘာဝကပ်ဘေးနှင့် အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရသည်။

ဆိုဒလာမှာ နောက်ထပ် ၂၄နာရီအတွင်း ပင်လယ်ပြင်ကျယ်ကို ဖြတ်သန်းစဉ် ဆက်လက်အားကောင်းလာမည်ဟု ဆိုသည်။ သို့ရာတွင် ဂျပန်၊ ထိုင်ဝမ်နှင့် တရုတ်ကမ်းရိုးတန်းများကို တိုက်ခတ်ချိန် တွင်ပြင်းအားအဆင့်မှာ ၄ သို့မဟုတ် ၃သို့ လျော့ကျသွားနိုင်သည်ဟု ဆိုသည်။

အပူပိုင်းတိုင်ဖွန်းနှင့် ဆိုင်ကလုန်းမုန်တိုင်းများမှာ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် မေလမှ အောက်တိုဘာလအတွင်း ဖြစ်ပေါ်လေ့ရှိရာ ယခုအချိန်အထိ ဆိုင်ကလုန်း ပန်မှာ အဖျက်စွမ်းအား အကြီးမား ဆုံး ဆိုင်ကလုန်းမုန်တိုင်းဖြစ်သည်။

ဆိုင်ကလုန်းပန်တိုက်ခတ်သွားခဲ့ရာ ဗင်နုအာတူတွင် အသေအပျောက်များရှိခဲ့သည့်အပြင်နေအိမ်များ ပျက်စီးသွားပြီး သီးနှံများလည်း ဆုံးရှုံးသွားခဲ့သောကြောင့် လူပေါင်း ၇၅၀၀ခန့်မှာလည်း အရေးပေါ်စခန်း များတွင် ခိုလှုံနေခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly