တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် မိမိလျှောက်ထားလိုသည့် ကျောင်းများတွင် တိုက်ရိုက်လျှောက်ထားနိုင်ပြီ

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် မိမိလျှောက်ထားလိုသည့် ကျောင်းများတွင် တိုက်ရိုက်လျှောက်ထားနိုင်ပြီ

ရန်ကုန်၊ ဇွန် ၂၆ ။        ။ ယခုနှစ်ကစပြီး တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် ယခင်လို အဆင့်မြင့်ပညာဦးစီးဌာနသို့ သွားရောက်လျှောက်ထားရန် မလိုတော့ဘဲ မိမိတက်ရောက်လိုသည့် တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ်များတွင် တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဌ ဒေါက်တာတင်အောင်က ပြောသည်။

မိမိတက်လိုသည့် တက္ကသိုလ်၊ ကောလိပ်ကို တိုက်ရိုက်လျောက်ထားနိုင်သော်လည်း ဘာသာရပ် နှင့် ကျောင်းအလိုက် တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်း ကန့်သတ်ချက်များကမူ ရှိနေသေးသည်။

အဆိုပါတက္ကသိုလ်များရှိ သင်တန်းရေးရာဌာနများမှ လက်ခံထားသော ဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်မြို့ရှိ အဆင့်မြင့်ပညာဦးစီးဌာနသို့ ပို့ဆောင်သွားမည်ဖြစ်ပြီး ဝင်ခွင့်ရလဒ်များကိုမူ အဆင့်မြင့်ပညာဦးစီးဌာနမှ တဆင့် သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်များသို့ အမြန်ဆုံး ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ကျောင်းသားကျောင်းသူများအနေနှင့် တက္ကသိုလ်ရွေးချယ်လျှောက်ထားရာတွင် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့်အတူ ပူးတွဲပါဝင်သော လျှောက်လွှာတွင် ဖြည့်စွက်ပြီး အဆင့်မြင့်ပညာဦးစီးဌာနသို့ ပေးပို့လျှောက်ထားရလေ့ရှိသည်။

“အခုခေတ်ကလေးတွေက ဘာသာရပ်ကို မရွေးချယ်တတ်ကြဘူး။ ဖြစ်သလိုပဲ ရေးသွားကြတယ်။ အဲ့ဒါကြောင့် သင်တန်းရေးရာဌာနတွေကနေ သူတို့ကို သေချာ ရှင်းပြနိုင်အောင်၊   နောက်ပြီး   ကျောင်းသားတွေအနေနဲ့ အဆင့်မြင့်ပညာဦးစီးဌာနအထိ အဝေးကြီးစရိတ်ကုန်ခံ၊ လာတင်စရာ မလိုအောင် ဆိုပြီးတော့ တက္ကသိုလ်၊ ကောလိပ်တွေရဲ့ သင်တန်းရေးရာဌာနတွေက ဝန်ထမ်းတွေကို သင်တန်းပေးပြီးတော့ လျှောက်လွှာတွေကို ကျောင်းတွေကနေ တိုက်ရိုက်လက်ခံနိုင်အောင် လုပ်ဆောင်သွားမှာပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့်လည်း ကျောင်းသားတွေအနေနဲ့ အမှတ်မီရဲ့သားနဲ့ အကြောင်းကြောင်းကြောင့် ဟိုပြောင်းဒီပြောင်း လုပ်ရတာတွေလည်း နည်းလာမှာပါ” ဟု ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဌ ဒေါက်တာတင်အောင်က မဇ္ဈိမကို ပြောသည်။

ယခုလို လုပ်ဆောင်မှုကို မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များတွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာကျောင်းများရှိ သင်တန်းရေးရာဌာနများမှ ဝန်ထမ်းများကို ဇွန်လနှောင်းပိုင်းမှ စတင်ပြီး ရန်ကုန်တွင် သင်တန်းပို့ချပေးမည်ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် ကျောင်းသားကျောင်းသူများအတွက် လွယ်ကူမြန်ဆန်စေပြီး မိမိရရှိထားသောအမှတ်နှင့် ကိုက်ညီသည့် ဘာသာရပ်ကို မှန်ကန်စွာ ရွေးချယ်တက်ရောက်နိုင်ရန် ရည်ရွယ်ပြီး ယခုလို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ အောင်ချက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းရှိခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်စာရင်းကို ဇွန်လ ၁၉ ရက်နေ့မှစပြီး ရုံးချိန်အတိုင်း နေ့ချင်းပြီး ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly