မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချဖို့ ကိုယ်စီ တာဝန်ရှိတယ်လို့ ဒုသမ္မတ ပြော

မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချဖို့ ကိုယ်စီ တာဝန်ရှိတယ်လို့ ဒုသမ္မတ ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန် ၂၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ မူးယစ်ဆေးဝါးအန္တရာယ်သည် စုပေါင်းဖြေရှင်းရမည့် ဘုံပြဿနာဖြစ်ပြီး အဆိုပါ အန္တရာယ်အား ဖြေရှင်းရန် လူတိုင်းတွင် တာဝန်ရှိသည်ဟု ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေက ပြောကြားလိုက်သည်။

“ဒါကို ဖြေရှင်းဖို့ ကိုယ်စီကိုယ်စီမှာ တာဝန်ရှိတယ်ဆိုတဲ့အတိုင်း အဖွဲ့အစည်း တစ်ခုချင်းစီမှ လူတစ်ဦး တစ်ယောက်ချင်းစီအထိ ကိုယ်စီတာဝန်ရှိတယ်” ဟု ဦးမြင့်ဆွေက ပြောသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-2) တွင် ဇွန်လ ၂၆ရက်က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ်အား လျှော့ချနိုင်ရန် အားလုံး ပူးပေါင်းလုပ်ဆောင်ကြဖို့လည်း ဦးမြင့်ဆွေက တိုက်တွန်းသည်။

ပြီးခဲ့သည့် ၂၀၁၆ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် အမှုပေါင်း (၈၈၀၀)ရှိခဲ့ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း ၆၆၀၀၀ ကျော် ဖြစ်သည်။

မူးယစ်ဆေးဝါး သုံးစွဲမှု လျှော့ချရေးနှင့် ထုတ်လုပ်မှုတန်ဖိုး လျှော့ချရေးလုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေရန် မူးယစ်ဆေးဝါးသုံးစွဲမှု စစ်တမ်း တစ်ခုအား UNODC ၏ နည်းပညာအကူအညီဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် စတင် ဆောင်ရွက်နေပြီဖြစ်သည်။

“ဒီစစ်တမ်းကနေတဆင့် နိုင်ငံတော်အတွက် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေးမှာ အင်မတန်မှ တန်ဖိုးရှိတဲ့ အချက်အလက်တွေ ရရှိလာမှာ ဖြစ်ပါတယ်” ဟု ဦးမြင့်ဆွေက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly