နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ဝ၊ ကချင်၊ ရှမ်း၊ ပလောင် တိုင်းရင်းသား လက်နက်ကိုင်များတွင်လည်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီး

နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ဝ၊ ကချင်၊ ရှမ်း၊ ပလောင် တိုင်းရင်းသား လက်နက်ကိုင်များတွင်လည်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီး
ဓာတ်ပုံ - PSLF ပြန်ကြားရေးဌာန

ချင်းမိုင်၊ ဇွန် ၂၆ ။              ။ ယနေ့ ကျရောက်သော နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် အခမ်းအနားများ ကျင်းပခဲ့ကြောင်း သိရသည်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)အဖွဲ့ကလည်း ရှမ်းပြည်နယ် နမ့်ဆန်မြို့တွင် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် အခမ်းအနားကျင်းပခဲ့ရာ ဘိန်းဖြူ ၃၀ ကီလိုကျော်၊ ရာမ ၃,၁၆၀,၆၄၆ ပြား၊ ဘိန်းမဲ ၁၀၈ ပိဿာကျော် စုစုပေါင်း ကျပ် ၇ ဘီလီယန်ကျော် မီးရှို့ ဖျက်ဆီးခဲ့သည်။

တအာင်းနယ်မြေဒေသအတွင်း ၅ နှစ်သာ ကာလအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မူးယစ်ဆေးဝါး ၈၀ ရာခိုင်နှုန်းကျော် လျော့ချနိုင်ခဲ့သည်ဟု PSLF/TNLA မှ နိုင်ငံခြားရေးဌာန တာဝန်ခံလည်းဖြစ်၊ တွဲဘက် အထွေထွေအတွင်းရေးမှူး ၂ တာပန်လှက ဆိုသည်။

၂၀၁၂ နှစ် သြဂုတ်လမှ PSLF/TNLA ဗဟိုကော်မတီ စည်းဝေး ဆုံးဖြတ်ချက်ဖြင့် ၅ နှစ်စီမံချက်ကာလအတွင်း ဘိန်းဖြူ ၈၃.၉ ကီလိုဂရမ်၊ ဘိန်းမဲ ၁၄၄.၇ ပိဿာနှင့် စိတ်ကြွဆေးပြား(ယာမ) ဆေးပြား ၃၃ သိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး ဘိန်းခြံစုစုပေါင်း ၅ ထောင်ဧကကျော် ဖျက်ဆီးနိုင်ခဲ့ကာ မူးယစ်ဆေးဝါး ရောင်းဝယ်ထုတ်လုပ်သူ လုပ်ငန်းရှင်ကြီး/ငယ် ဦးရေ တစ်ရာကျော်ကို စီမံချက်ဖြင့် ဖမ်းဆီးကာ အပြစ်ပေးအရေးယူခဲ့သလို၊ မူးယစ်ဆေးဝါး သုံးစွဲသူ အယောက် ၅ ထောင်ကျော်ကိုလည်း စခန်းသွင်း၍ မူးယစ်ဆေးဝါး သုံးစွဲမှု ဖြတ်တောက်ပေးနိုင်ခဲ့သည်ဟု ၎င်းတို့၏ ယနေ့ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

မန္တလေး-လားရှိုး-မူဆယ် ကားလမ်းအနောက်ဖက်ခြမ်းရှိ တအာင်းနယ်မြေဒေသတွင် မြန်မာ့တပ်မတော်နှင့် ပန်းဆေးပြည်သူ့စစ်ရှိရာ တောင်ကုန်များမှအပ တအာင်းတောင်တန်းများအားလုံး ဘိန်းစိုက်ပျိုးမှု ကင်းစင်နယ်မြေအဖြစ် သတ်မှတ်နိုင်ခဲ့သော်လည်း ကွတ်ခိုင်နှင့် လားရှိူးမြို့နယ် ပြည်ထောင်စု ကားလမ်းအရှေ့ဘက်ခြမ်းဒေသများတွင်လည်း ဘိန်းစိုက်ပျိုးမှု ကျင်းစင်နယ်မြေအဖြစ် မသတ်မှတ်နိုင်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) အထူးဒေသ ၂၊ ဝ ပြည်နယ် တောင်ပိုင်း ၁၇၁ ဒေသ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဟွေအောတွင် ဇွန်လ ၂၆ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါး တပ်ဖွဲ့မှ ဖမ်းဆီးရမိသော စိတ်ကြွဆေးပြား ၂,၇၈၅,၉၉၀ ပြား၊ ဘိန်းဖြူ ၄ ကီလိုရမ်၊ ဘိန်းမဲ ၁၄ ကီလို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဝ တောင်ပိုင်း ၁၇၁ ဒေသ ဆက်ဆံရေးမှူး ဦးဆမ်လော့၏ ကိုယ်ရေးအရာရှိ ဦးအိုက်ရုန်းက မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ဘက်မှာတော့ ကျနော်တို့လူကြီးတွေ မူးယစ်ဆေးဝါး ကင်းစင်ပြီလို့ အာမခံနိုင်တယ်။ ဒီနေ့လည်း သတင်းထောက်တွေကို နေရာအနှံ့ လိုက်ပြတယ်။ ကျနော်တို့ အတတ်နိုင်ဆုံး မရှိအောင် တားဆီးနေတယ်။ အရင်တုန်းကထက်စာရင် လုံးဝ မရှိတော့ဘူး ပြောရမယ်”ဟု ဦးအိုက်ရုန်းက ဆိုသည်။

အလားတူ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ နေရာအများအပြာတွင်လည်း ယနေ့ ကျရောက်သော နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဌာနချုပ် လိုင်ဇာမြို့တွင် မူးယစ်ဆေးဝါး မီးရှုံ့ဖျက်ဆီးမှု အခမ်းအနား မရှိသော်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြခြင်း၊ အသိပညာပေးများ ပြုလုပ်ကျင်းပခဲ့သည်ဟု KIO အရာရှိ တစ်ဦးက ပြောသည်။

အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင်လည်း ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (ပတ်ဂျဆန်) ကချင်ပြည်သူလူထုများက ဆုတောင်းဝတ်ပြုခြင်း အခမ်းအနား ကျင်းပခဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲသူများ သက်သေခံခြင်း၊ ပြခန်းများ ပြသခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပတ်ဂျဆန်က ကချင်ပြည်သူများနှင့်အတူ ၃ နှစ်သာကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ရောင်းဝယ်မှုများ ၆၀ ရာခိုင်နှုန်းထိ လျော့နည်းသွားပြီဟု ၂၀၁၇ခုနှစ် ဇွန်လ ၂၆ရက်တွင် ကျရောက်သော နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကြေငြာချက် ထုတ်ပြန်ထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတိ (SSPP) ဌာနချုပ် ကျေးသီးမြို့နယ်တွင်လည်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် အခမ်းအနား ပထမဆုံးအကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly