တောင်ကိုရီးယားအမျိုးသမီးဂီတအဖွဲ့ Apink သည် ၎င်းတို့၏ အယ်လ်ဘမ်အသစ် “Pink UP” ကို ဇွန်လ ၂၆ရက်နေ့ ညနေပိုင်း၌ ဖြန့်ချိရန်စီစဉ်ထားပြီး အမျိုးသားတစ်ဦးက ထိုဖြန့်ချိပွဲ၌ ဗုံးထောင်၍ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
Plan A Entertainment က “ အဲဒီ့အမျိုးသားဟာ ယခုလအစောပိုင်းတုန်းကလည်း Apink အဖွဲ့ဝင်တွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးတဲ့သူပါ။ သူက ဖုန်းခေါ်ပြီးတော့ Apink ရဲ့ ဖြန့်ချိပွဲ လုပ်တဲ့နေရာမှာ လာရောက် ဗုံးထောင်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ကျနော်တို့ရဲတွေကို တိုင်ကြားထားပါတယ်။ ရဲတွေကလည်း အသံဖမ်း ထားတဲ့ အသံဖိုင်ကို ပြန်လည်စစ်ဆေးနေပြီးတော့ ပွဲလုပ်မယ့်နေရာကို အထူးတပ်ဖွဲ့တွေစေလွှတ်ထားပါတယ်။ အယ်လ်ဘမ်အသစ်ဖြန့်ချိပွဲကို နဂိုစီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမှာပါ” ဟု ပြောခဲ့သည်။
Ilgan Sports ၏ သတင်းတင်ပြချက်အရ ပွဲလုပ်မည့်နေရာတွင် လုံခြုံရေးအထူးတင်းကြပ်လျက်ရှိပြီး ရဲတပ်ဖွဲ့မှ အနံ့ခံခွေးများဖြင့် ရှာဖွေစစ်ဆေးရာတွင် သံသယဖြစ်စရာတစ်ခုမှ မတွေ့ရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၄ရက်နေ့ကလည်း ထိုအမျိုးသားသည် Apink အဖွဲ့ဝင်များကို သတ်ပစ်ရန်ခြိမ်းခြောက်ခဲ့သောကြောင့် Plan A အေဂျင်စီက အဖွဲ့ဝင်များအတွက် အထူးလုံခြုံရေးများ ငှားရမ်းပေးခဲ့ရသည်။
ရဲတပ်ဖွဲ့သည် ခြိမ်းခြောက်သည့် တရားခံကို ဖော်ထုတ်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။
Ref: Soompi