ဇွန် ၂၆၊ ပြင်သစ် ။ ။ ပြင်သစ်ကလပ်နိုက်စ်အသင်းနဲ့ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီတို့ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
ဒီသတင်းကို ဘာလော့တယ်လီနဲ့ပြင်သစ်ကလပ်အသင်းတို့ နှစ်ဘက်စလုံးက အတည်ပြုခဲ့ပါတယ်။ နိုက်စ်အသင်းက အီတလီတိုက်စစ်မှူးမှာ ၂၀၁၇-၁၈ ရာသီအကုန်အထိ အသင်းမှာ ဆက်ရှိနေမှာဖြစ်ကြောင်းနဲ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက လက်မှတ်ရေးထိုးခဲ့ကြောင်း အသင်းပိုင် ဝက်ဆိုက်ကနေ ကြေညာခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘာလော့တယ်လီဟာ ပြီးခဲ့တဲ့ရာသီက နိုက်စ်အသင်းအတွက် ၁၇ ဂိုးအထိသွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ နိုက်စ်အသင်းကို ချန်ပီယံလိဂ်ခြေစစ်ပွဲယှဉ်ပြိုင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဘာလော့တယ်လီဟာ နိုက်စ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သလို သူ့ရဲ့ဆိုးသွမ်းတဲ့ အပြုအမူကလည်း ပျောက်ပျက်သွားခြင်းတော့ မရှိခဲ့ပါဘူး။ ပြင်သစ်မှာကစားတဲ့ ပထမဆုံးရာသီမှာပဲ အနီကတ်နဲ့သုံးကြိမ်အထိ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဘာလော့တယ်လီကို ဒေါ့တ်မွန်အသင်းနဲ့ဘီဆစ်တပ်စ်အသင်းတို့အပါအဝင် အီတလီကလပ်နဲ့ဂျာမနီကလပ်တွေက ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် နိုက်စ်အသင်းမှာပဲ ဆက်လက်ကစားဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ရည်ညွှန်း ဒေးလီးမေးလ်