မာရာဝီမြို့၌ အိဒ်နေ့အထိမ်းအမှတ်အနေဖြင့် ကြေညာချက်ထုတ်ထားသော ယာယီစစ်ရပ်ဆိုင်းမှု အဆုံးသတ်

မာရာဝီမြို့၌ အိဒ်နေ့အထိမ်းအမှတ်အနေဖြင့် ကြေညာချက်ထုတ်ထားသော ယာယီစစ်ရပ်ဆိုင်းမှု အဆုံးသတ်

မာရာဝီ (ဖိလစ်ပိုင်) ဇွန် ၂၆ ။              ။ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ မာရာဝီမြို့တွင် ဥပုသ်ကာလပြီးဆုံးသည့် အထိမ်းအမှတ်အနေဖြင့် ဖိလစ်ပိုင်စစ်တပ်မှ ကြေညာချက်ထုတ်ထားသော ၈နာရီကြာ အပစ်အခတ်ရပ်ဆဲမှုသည် တနင်္ဂနွေနေ့ ညနေပိုင်းတွင် အဆုံးသတ်သွားပြီဖြစ်ကာ အစိုးရတပ်ဖွဲ့များသည် မြို့တွင်းရှိ အစ္စလာမ်မစ် စစ်သွေးကြွများ သိမ်းပိုက်ထားသောနေရာများသို့ ထိုးစစ်ဆင်မှုများကို ပြန်လည်စတင်နေပြီဖြစ်သည်။

ဖိလစ်ပိုင်စစ်တပ်မှအကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး အက်ဒွာဒိုအာနိုက သူ၏တပ်ဖွဲ့များသည် အိဒ်နေ့အားလပ် ရက် ကာလအတွင်း မာရဝီမြို့၌ လူသားချင်းစာနာသည့်အနေဖြင့် ယာယီစစ်ရပ်ဆိုင်း သွားမည်ဖြစ်ကြောင်း  တနင်္ဂနွေနေ့ အစောပိုင်းက ကြေညာခဲ့သည်။

လေကြောင်းမှထိုးစစ်ဆင်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများသည် အစ္စလာမ်ဘာသာဝင် များ ဝတ်ပြုသည့် မနက်ခင်း ၆နာရီအချိန်မှ စတင်၍ ရပ်တန့်ခဲ့ပြီး ယာယီစစ်ရပ်ဆိုင်းမှုသည် ညနေ ၂နာရီခန့် တွင် အဆုံးသတ်ကာ တိုက်ပွဲများ ပြန်လည်စတင်လာကြောင်း မာရာဝီမြို့တွင်းရှိ သတင်းထောက်များက ပြောခဲ့ သည်။

ဒေသတွင်းစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ကာလီတိုဂယ်ဗက်ဇ်က ယာယီအပစ်အခတ် ရပ်ဆိုင်းမှုအတွင်း မွတ်စလင်ဘာသာရေးခေါင်းဆောင်ငါးဦးကို တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဝင်ရောက်ခွင့်ပေးခဲ့ကာ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများစသည့် ဓားစာခံများကို ပြန်လွှတ်ပေးရန်အတွက် စစ်သွေးကြွများနှင့် စေ့စပ်ဆွေးနွေးစေခဲ့ကြောင်း ပြောခဲ့သည်။

“ကျနော်တို့ တိုက်ပွဲဖြစ်နေကြတာ ရက်၃၀တောင် ကျော်နေပါပြီ။ ကျနော်တို့ ရထားတဲ့သတင်းတွေအရ ဓားစာခံတွေဟာ အစားမစားရဘူးလို့ သိရပါတယ်” ဟု ဂယ်လ်ဗက်ဇ်က ပြောခဲ့သည်။

စေ့စပ်ညှိုနှိုင်းသူများသည် တနင်္ဂနွေနေ့အနှောင်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာဇုန်ထဲမှ ပြန်လည်ထွက်လာခဲ့ပြီး ၁၆လသားအရွယ် ကလေးငယ်တစ်ဦး၏ မိခင်အပါအဝင် အရပ်သား ၅ဦးခန့်ကို   ခေါ်ဆောင်လာနိုင်ခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာသောအမျိုးသမီးက သူမသည် ၂ ပတ်ခန့်အကြာက တိုက်ပွဲများဖြစ်နေစဉ်အတွင်း သား ယောင်္ကျားလေးတစ်ဦး ဖွားမြင်ခဲ့ကြောင်းနှင့် အစာရေစာမရရှိမှုကြောင့် ထိုကလေးငယ်   သေဆုံးခဲ့ရကြောင်း သူမကို အင်တာဗျူးနေသည့် ရဲများအား ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags