တေးစီးရီး သောင်းချီတီးခတ်ခဲ့တဲ့ Rock Guitarist ညီညီထွေးနှင့် တွေ့ဆုံခြင်း အပိုင်း(၂)

တေးစီးရီး သောင်းချီတီးခတ်ခဲ့တဲ့ Rock Guitarist ညီညီထွေးနှင့် တွေ့ဆုံခြင်း အပိုင်း(၂)
မဇ္ဈိမရဲ့ ဂီတပရိတ်သတ်ကြီးအတွက် ဒီနေ့မှာတော့ Rock Guitarist တစ်ယောက်ဖြစ်တဲ့ ကိုညီညီထွေးနဲ့ တွေ့ဆုံမေးမြန်း ပေးထားပါတယ်။
မဇ္ဈိမရဲ့ ဂီတပရိတ်သတ်ကြီးအတွက် ဒီနေ့မှာတော့ Rock Guitarist တစ်ယောက်ဖြစ်တဲ့ ကိုညီညီထွေးနဲ့ တွေ့ဆုံမေးမြန်း ပေးထားပါတယ်။

မဇ္ဈိမရဲ့ ဂီတပရိတ်သတ်ကြီးအတွက် ဒီနေ့မှာတော့ Rock Guitarist တစ်ယောက်ဖြစ်တဲ့ ကိုညီညီထွေးနဲ့ တွေ့ဆုံမေးမြန်း ပေးထားပါတယ်။

“အခွေတခွေထွက်လာရင် တချို့ အရမ်းအောင်မြင်ချင်တော့ ခိုးကူးလက်ထဲကို ထည့်လိုက်ရတယ်။ အဲ့ဒါဆိုရင်သူတို့က နာမည်ကြီး အခွေတွေနဲ့ ကပ်ပေးတယ်။ အဲ့ဒီတော့ လူနားထောင်ဖြစ်တာပေါ့နော်။ ဒါတောင် ၁၅သိန်း သိန်း၂၀ ပေးရတယ်။”

မေး - အစ်ကိုတီးခတ်ခဲ့တဲ့ တေးစီးရီး ဘယ်လောက်ရှိပြီလဲခင်ဗျ။

ဖြေ - အများကြီးပဲ။ ထွက်တာတွေရော မထွက်တာတွေရော..။  စီးရီးပေါင်း ၁ သောင်း လောက်ရှိမယ်။ ဂီတလောကမှာ ထူးခြားတာ တစ်ခုရှိတယ်။ ကျွန်တော်က ကြော်ငြာတွေလဲ တီးသေးတယ်။ စင်ရော်မောင်မောင်ရဲ ့ တီဗီကြော်ငြာတွေ အတော်များများ တီးခဲ့ဖူးတယ်။ တစ်ယောက်ထဲတီးတယ်။ ကြော်ငြာခေတ် တခေတ် ဖြစ်ခဲ့ဖူးတာကိုး။ အခုတော့သိပ်မလာတော့ဘူး။

မေး - အစ်ကို့ရဲ့ Solo Album ကောထွက်ဖို့ရှိလား။

ဖြေ - ပထမကတော့ ၂၀၁၇ မှာ Instrumental ထွက်ဖြစ်ဖို့ ကြိုးစားနေတာ။ ဒါပေမယ့် MTV ပါ ပါမယ်ဆိုတော့ ဘယ်လိုလာဦးမလဲ မသိသေးဘူး။

မေး - တစ်ကိုယ်တော် Instrumental Show ကကော လုပ်ဖို့ရှိလားခင်ဗျ။

ဖြေ - တစ်ကိုယ်တော် Instrumental Show က လုပ်မှာ။ ဘာလို့ဆို PA System စက်တွေ ဝယ်ထားတယ်။ ဒီစတိတ်ရှိုးအတွက် စက်တစ်စုံပေါ့။ ခက်တာက နေရာ။ Instrumental ကို အလကား တီးပြချင်တာ။ ကိုယ့်စက်နဲ့ကိုယ် လာတီးမယ်။ ပြဿနာက နေရာ။ မျှော်စင်ကျွန်းလို နေရာဆိုရင် သိန်း ၃၀ လောက်ပေးရတယ်။ နိုင်ငံခြားမှာက စင်္ကာပူလိုဆို လမ်းဘေးမှာ စက်တွေချ ပရိုမိုးရှင်းပွဲတွေ လုပ်တယ်။ နေရာသပ်သပ် ပေးတယ်ပေါ့။ အခုတော့ မြို့တော်ခန်းမရှေ့မှာ နေရာပေးတယ်။ ပြဿနာက ဘာလဲဆိုတော့ လူငယ်တွေလုပ်တဲ့ Metal Band တွေဆို Metal Music က လူတိုင်း မကြိုက်ဘူးလေ။ အဲ့ဒီလိုတီးတဲ့အခါ ပရိသတ်က ဘာလဲဆိုတော့ ကျွန်တော် တပည့်လေးတွေ ပါတော့ တစ်ခါတလေ သွားကြည့်တဲ့အခါ ဖြတ်သွားဖြတ်လာ လူတွေတချို့က ဒီပွဲကိုလာတဲ့သူ မဟုတ်ဘူး။ ပရိတ်သတ်က ဆဲသွားတာမျိုးလေးတွေ တွေ့တယ်။ အဲ့ဒီတော့ ဇာတ်ရုံလို အခန်းတခုခုတော့ လိုတယ်ဗျ။ Metal သမားတွေ အတွက်ကလေ။

မေး - အဲ့ဒီတော့ Instrumental Show တွေမှာ အဆိုမပါရင်လည်း အောက်ကနေ ပြောကြတယ် ဆိုတော့ အစ်ကို့ပွဲကျရင်ကော အဆိုသမားတွေ ထည့်ဦးမှာလား။

ဖြေ - အင်း တော်တော်တော့ တုန်လှုပ်စရာကောင်းတယ်။ ပြီးခဲ့တဲ့ ရှိုးတစ်ခုမှာ လူငယ်အဖွဲ့တွေနဲ့ ကျွန်တော်က Instrumental တီးတယ်။ အဲ့ဒီလို အပြောခံရမှာစိုးလို့ သီချင်း ၈ ပုဒ်မှာ ၄ပုဒ်ကို အဆိုထည့်တီးတယ်။ နိုင်ငံခြားက သီချင်းတွေ Cover ဆိုတာပေါ့။ အမြင်လေး တမျိုးဖြစ်တော့ အောင်မြင်ပါတယ်။ ခက်တာက ရန်တွေဖြစ်ကြတော့ နောက်ပိုင်း ကျွန်တော့်ကို ပါမစ်မပေးတော့ဘူး။

မေး - ခုခေတ် ဂီတလောကအပေါ် အစ်ကို့ရဲ့ အမြင်လေးလည်း သိချင်ပါတယ်။

ဖြေ - အဲဒါဖြေရတာတော့ ဘေးကျပ်နံကျပ် စကားလုံးပဲ။ Music တွေရဲ့ Style အသစ်တွေ Rap တွေ Techno လိုဟာတွေ ကမ္ဘာမှာ ပေါ်သမျှ နားထောင်ကြည့်တယ်။ သူတို့ဆီက ပညာတွေလဲရတယ်။ EDM ဆို Sub Woofer ကထွက်လာတဲ့ Bass အသံတွေက Rock ဂီတမှာ သိပ်မပါဘူး။ ဒီဘက်ခေတ်မှာ Metal နဲ့ Techno လိုဟာတွေ ရောတီးလာကြတယ်။ EDM နဲ့ Techno နဲ့ ရောတာတွေ တွေ့ လာရတယ်။ ခေတ်နဲ့အညီဖြစ်လာတာကတော့ ပြဿနာ မရှိဘူး။ ခက်တာက ဒီမှာက ဘာပြဿနာရှိလဲဆိုတော့ အဆိုပြိုင်ပွဲတွေ။ ကောင်းပါတယ်။ အဆိုသမားတွေ အများကြီးတော့ ထွက်လာနိုင်ခြေရှိတယ်။ ဒါပေမယ့် လူငယ်တွေက သူများ ပေါက်ပြီးသား သီချင်းကိုပဲ ဆိုနေရတာဖြစ်တော့  အသစ် အသစ်တွေဖြစ်မလာဘဲ။ အဟောင်းတဝဲလည်လည် ဖြစ်နေတော့ ဂီတလောက တိုးတက်သင့်သလောက် မတိုးတက်တာ။ နောက်ပြီး ဆုရတဲ့ သူတချို့လဲ ကြည့်ရတာ စိတ်ကြီးဝင်သွားတဲ့ပုံပဲ။ ငါ ပြိုင်ပွဲမှာ ဆုရတယ်။ ဂီတနဲ့ပတ်သက်ပြီး ပြီးသွားပြီ ဆိုပြီး။ ဂီတလောကမှာရှိတဲ့Music သမားတွေကို မထီမဲ့မြင် ပြုတာတွေ ကြားနေရတယ်။ ကျွန်တော်တို့ ကတော့ သင်တန်းဆရာဆိုတော့။ အဲ့ဒီပြဿနာမရှိဘူး။ ဒါပေမယ့်ပြန်ကြားနေရတယ်။

မေး - အခုခေတ်မှာ လူငယ်တွေဟာ ထုတ်လုပ်မှုစားရိတ်တွေ မြင့်နေတော့ ကိုယ့် သီချင်းလေးကို ဈေးသက်သာတဲ့ စတူဒီယိုတွေမှာ အသံသွင်းပြီး Facebook တို့ ဘာတို့ အပေါ်တင်ပြီး အောင်မြင်အောင် လုပ်နေကြရတဲ့အပေါ် အစ်ကို့အနေနဲ့ဘာများ ပြောချင်ပါသလဲ။

ဖြေ - ကျွန်တော်တီးခဲ့တဲ့ စီးရီးတွေတချို့လည်း မထွက်နိုင်ဘူး စားရိတ်က အရမ်းများတယ်။ အဓိက ဖြန့်ချိရေး နာမည်ကြီး ဖြန့်ချိရေးဆို ဒီမှာ ၅ ခုလောက်ရှိမယ်။ ခန့်မှန်းချေ ၅သိန်းက ၁၀သိန်းကြား ရှိတော့ ၅ သိန်းနဲ့တွက်မယ်ဆိုရင်ပဲ စာပေမိတ်ဆက်ပွဲနဲ့ဘာနဲ့ နောက် အခွေကူးခ ရှိမယ်။ ဒါတောင်စီစစ်ရေးက မရှိတော့ဘူး။ အရင်တုန်းက "သွေး" ဆိုတဲ့ စကားလုံးတွေ "မင်း" ဆိုတာတွေရေးလို့မရတော့ စကားလုံးတွေက ကျပ်နေတယ်။ Music လုပ်တဲ့သူက ခက်ခဲလာတယ်။ ဘောင်တခုနဲ့ အလုပ် လုပ်နေရတယ်။ ဒီဘက်ခေတ်ကျတော့ နည်းပညာက တိုးတက်လာတယ်။ အခွေတခွေထွက်လာရင် တချို့ အရမ်း အောင်မြင်ချင်တော့ ခိုးကူးလက်ထဲကို ထည့်လိုက်ရတယ်။ အဲ့ဒါဆိုရင်သူတို့က နာမည်ကြီး အခွေတွေနဲ့ ကပ်ပေးတယ်။ အဲ့ဒီတော့ လူနားထောင်ဖြစ်တာပေါ့နော်။ ဒါတောင် ၁၅သိန်း သိန်း၂၀ ပေးရတယ်။ အခွေတခွေ ပေါက်သွားရင် ပိုက်ဆံတော့ ပြန်မရဘူး။ ရှိုးဆိုရင် ပိုက်ဆံပြန်ရမယ်။ အခွေအတွက် ရင်းထားတာကတော့ ပလုံပဲ။ ဒါပေမယ့် ခိုးကူးလည်း ပျောက်မှာပဲ။ ဘာလို့ဆို လူတွေက CD နားမထောင်ဖြစ်ကြဘူး။ ဖုန်းကနေပဲ တဆင့်ဆီပြန်ရှဲပြီး ပေးနေ နားထောင်နေကြတာ။ အွန်လိုင်းတွေမှာပဲ ရှိတော့ အဲ့ဒီကနေ အရောင်းအဝယ် ခုလဲလုပ်နေပါတယ်။ ဈေးတခုသတ်မှတ်ပြီးတော့ပေါ့။ ဂီတ သမားဆိုတာ ငွေမက်တာတော့မဟုတ်ဘူး။ သူရင်းနှီးခဲ့ရတာတွေရှိတယ်။ ကျွန်တော်ဆို ဂီတာမှ မတီးရင် ဘာသွားလုပ်စားမလဲ။ ဒီပြင် စီးပွားရေးလည်း မလုပ်တတ်ဘူး။ ဂီတနဲ့ ပတ်သက်လို့ ဝင်ငွေတခုတော့ရှိမှဖြစ်မှာ။ အဆိုတော်လည်း အဲ့ဒီလိုပဲလေ။

မေး - နယ်ကနေ အကြောင်းအမျိုးမျိုးကြောင့် အစ်ကို့ဆီမှာ သင်ချင်ပေမယ့် လာမသင်နိုင်တဲ့ လူငယ်တွေကိုကော အစ်ကို့အနေနဲ့ဘာများ ပြောချင်ပါသလဲ ခင်ဗျ။

ဖြေ - အရင်တုန်းကတော့ အမြဲပြောဖြစ်တယ် ဒီအကြောင်းပေါ့။ အခုတော့ တော်တော်တိုးတက်လာတော့ ကိုယ်ဘာသိချင်လဲ အင်တာနက်မှာ ရိုက်ပြီးရှာလို့ရတယ်။ ကြည့်လို့ ရတယ်။ ဘာသာစကား ပြဿနာတော့ နဲနဲရှိမယ်။  တဖက်က ဂီတာသမား ဘာပြောလဲဆိုတဲ့ဟာ နောက်အရေးကြီးတာ တစ်ခုက ဂီတာ သမားက Fingering မှန်ဖို့ လက်ကို သိပ်ဖြဲထားတာတို့ ညာဖက်က စတုတ်တွေ တီးရင် အရမ်းခါနေတာတို့၊ နောက်ဂီတာတီးရင် အကျယ်ကြီးတီးသင့်တယ်။ တချို့အိမ်မှာ လေ့ကျင့်တော့ ၈ လက်မ စပီကာလောက် တကယ် ရှိုးတီးတော့ စပီကာက အကျယ်ကြီး ထွက်လာတော့ ဂစ်တာတောင် မကိုင်ရဲတော့ဘူး။ အဲ့ဒီတော့ အကျယ်ကြီး တီးသင့်ပါတယ်။ ကျယ်ကျယ်တီးမှ ကိုယ့်ဂီတာမှာ Noise တွေ ဘယ်လောက် ထွက်လာသလဲ သိမှာ။ နောက် လေ့လာသင့်တာတွေလဲ လေ့လာပါ။ တချို့တွေကျ စတုတ်တွေကောင်းတယ်။ တချို့က ဆလာ တွေကောင်းတယ်။ ဒါကိုမျှတအောင် တက်ကနစ် နဲ့တီးဖို့ လေ့ကျင့်ဖို့လိုတယ်။ အရင်လို ဂီတာချည်းပဲ လေ့ကျင့်နေလို့မရတော့ဘူး။ နည်းပညာတွေလေ့လာရမယ် ဂီတာ သမားတိုင်း Guitar Pro ဆိုတဲ့ ဆော့(ဖ်)ဝဲလ် သုံးတတ်ရမယ်။ ဒါမှ နောက်ဆုံးထွက်လာတဲ့ သီချင်း Notes တွေ ဖတ်တတ်ရမယ်။ တချို့ကျ ငွေရေးကြေးရေး အဆင်မပြေတော့ ဂီတာတော့ မဖြစ်မနေ ဝယ်ထားတယ် Effect တွေ Amp တွေမဝယ်နိုင်တဲ့ အခါ ကွန်ပျူတာတလုံးဆို ဒီခေတ်မှာ ဈေးက သက်သာနေပြီ အဲ့ဒီကွန်ပျူတာနဲ့Virtual လုပ်ထားတဲ့ Effect တွေ သုံးလို့ရတယ်။ နည်းပညာကို လေ့လာဖို့ အများကြီးလိုတယ်ပေါ့ နော်။အဲဒါပြောချင်ပါတယ်။

မေး - အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့ အတက် ကျေးဇူးတင်ပါတယ်။ ဒီနေရာကနေ အစ်ကို့ပရိသတ်ကို ဘာများပြောချင်ပါသလဲ ခင်ဗျာ။

ဖြေ - ဂီတာသမားဆိုရင် များများတီးရမယ်၊ ပြီးသွားတယ်ဆိုတာ မရှိဘူး။ တီးလာတာ တော်လာတာနဲ့အမျှ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘဝင်မြင့်သွားလို့ မရဘူး။ အဲ့ဒါတခုကို ဆင်ခြင်သင့်တယ်။ နောက်ပြီးတော့ ဂီတာသမားတွေ အခက်အခဲတွေ၊ တခုခု အဆင်မပြေတာ ဖြစ်တယ်ဆိုလဲ ကိုညီထွေးဆီ ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်။

အင်တာဗျူးအပိုင်း(၁)အား ကြည့်ရန်-http://www.mizzimaburmese.com/article/28399

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly