အရေးပေါ်လျှပ်စစ်မီးရရှိဖို့ ကျောက်မီးသွေးသုံးလျှပ်စစ်ထုတ်ခြင်းကို ပြုလုပ်နိုင်ကြောင်း NLD တိုက်တွန်းထား

အရေးပေါ်လျှပ်စစ်မီးရရှိဖို့ ကျောက်မီးသွေးသုံးလျှပ်စစ်ထုတ်ခြင်းကို ပြုလုပ်နိုင်ကြောင်း NLD တိုက်တွန်းထား
 ရှမ်းပြည်တောင်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ဝမ်ပုံကျေးရွာအုပ်စု၊ မီးသွေးကုန်းကျေးရွာတွင် ကမ္ဘောဇကုမ္ပဏီမှ အကောင်အထည်ဖော်နေသည့် ကျောက်မီးသွေးတူးဖော်ခြင်း လုပ်ငန်းခွင့်တစ်ခုကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလက တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်ကိုဦး)

ရန်ကုန်၊ ဇွန် ၂၅ ။           ။ အရေးပေါ်လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ရာတွင် တခြားနည်းများထက် ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ဓါတ်အား ထုတ်ယူသည့်နည်းကို ပိုမိုအသုံးပြုသင့်ကြောင်း   ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများထံ တိုက်တွန်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးဝင်းထိန်က ဆိုသည်။

"အထူးသဖြင့်ပေါ့ တနင်္သာရီတိုင်း၊ မွန်၊ ကရင်ပြည်နယ်တို့ပေါ့။ အရေးပေါ်လုပ်လို့ရှိရင် တခြားစွမ်းအင်ထက် ကျောက်မီးသွေးသုံးတဲ့ကိစ္စက ပိုပြီးတော့ မြန်မြန်ဆန်ဆန် ထိရောက်မယ်။ ကျောက်မီးသွေးလည်း သုံးမယ်၊ ရေအားလည်းထုတ်မယ်၊ အဲ့လိုတပြိုင်တည်းလုပ်တဲ့အခါမှာ ရေအားအကောင်အထည်မဖော်ခင်မှာ ကျောက်မီးသွေး သုံးသင့်သုံးဖို့ တိုက်တွန်းထားတယ်" ဟု ဦးဝင်းထိန်ကဆိုသည်။

ဇွန်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးဝင်းထိန်က မီဒီယာများ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း တိုက်တွန်းရုံသာ တိုက်တွန်းထားခြင်းဖြစ်ပြီး ပြုလုပ်ခြင်းရှိမရှိ ဆိုသည့် နောက်ဆက်တွဲ အကြောင်းအရာကို လေ့လာထားခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကမူ မြန်မာနိုင်ငံအနေနဲ့ လျှပ်စစ်ရရှိဖို့ ကျောက်မီးသွေးက တစ်ခုသောနည်းလမ်းမဟုတ်ကြောင်း အကြံပြုထားသည်။

“လျှပ်စစ်ရနိုင်တဲ့ Renewable Energy Source Potentials တွေ အများကြီးရှိနေတယ်” ဟု ဒေါက်တာထွန်းလွင်က သုံးသပ်ထားပြီး “နိုင်ငံတော် နဲ့ ပြည်သူတွေအတွက် အကျိုး မထိခိုက်စေဖို့  Check and Balance အလုပ်ပါ” ဟုလည်း ဒေါက်တာထွန်းလွင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် လွန်ခဲ့သော တစ်လခန့်က ရေးသားခဲ့ဖူးသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံတွင် လောင်စာအဖြစ် အသုံးပြုမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းကို ဒေသခံပြည်သူများက ကန့်ကွက်နေမှုများကလည်း ရှိနေသည်။

ယင်းအပြင် ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအနီးတွင် မဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် ပြည်နယ်အစိုးရနှင့် တိုယိုထိုင်းကုမ္ပဏီက သဘောတူစာချုပ် ချုပ်ဆိုထားသည်။ ယင်းကုမ္ပဏီသည် မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာတွင် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံဆောက်ရန် စီစဉ်ခဲ့သော်လည်း ဒေသခံများက ကန့်ကွက်ဆန္ဒပြခြင်းကြောင့် မတည်ဆောက်ဖြစ်ခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly