ပါကစ္စတန်၌ လောင်စာဆီသယ်ဆောင်သော လော်ရီကားမီးလောင်ကျွမ်းမှုကြောင့် ၁၂၃ဦးသေဆုံးပြီး အများ အပြားဒဏ်ရာရ

ပါကစ္စတန်၌ လောင်စာဆီသယ်ဆောင်သော လော်ရီကားမီးလောင်ကျွမ်းမှုကြောင့် ၁၂၃ဦးသေဆုံးပြီး အများ အပြားဒဏ်ရာရ

အစ္စလာမ်မာဘတ် (ပါကစ္စတန်) ဇွန် ၂၅ ။               ။ ပါကစ္စတန်အလယ်ပိုင်း၌ တနင်္ဂနွေနေ့အစောပိုင်းတွင် လောင်စာဆီသယ်ဆောင်လာသော လော်ရီကားတစ်စီး တိမ်းမှောက်ခဲ့ရာမှ မီးလောင်ကျွမ်းပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံးလူပေါင်း ၁၂၃ဦးခန့် သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

အဆိုပါဝမ်းနည်းဖွယ်ရာဖြစ်ရပ်သည် ပါကစ္စတန်၌ ဥပုသ်စောင့်တည်သည့် ကာလပြီးဆုံးသည့်အနေဖြင့် အိဒ်နေ့ မကျင်းပမီ တစ်ရက်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လမ်းမများသည် အားလပ်ရက်အိမ်ပြန်ကြသော လူအများ အပြားနှင့် ပြည့်နှက်နေသောကြောင့် ယခုလို အသေအပျောက်များပြားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်ခဲ့သောနေရာမှ ဓာတ်ပုံများတွင် လော်ရီကားသည် လောင်ကျွမ်းလျက်ရှိနေပြီး မီးတောက်များ နှင့် မီးခိုးငွေ့များ အလိပ်လိုက်တက်လာသည်ကို မြင်တွေ့ရသည်။ အဆိုပါဖြစ်ရပ်သည် ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်မှ တောင်ဘက် ၄၁၆မိုင်အကွာရှိ အာမက်ပါမြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“လောင်စာဆီသယ်ဆောင်လာတဲ့ လော်ရီကားတိမ်းမှောက်ခဲ့ရာမှတဆင့် လောင်ကျွမ်းခဲ့တဲ့မီးကြောင့် အနည်းဆုံး ၁၂၃ဦးသေဆုံးခဲ့ပြီး ၁၀၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ လူအုပ်ကြီးဟာ လော်ရီကားမှ ယိုစိမ့်နေတဲ့ လောင်စာဆီတွေကို သွားယူနေချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အခုလိုသေကြေထိခိုက်ရတာပါ” ဟု ဒေသတွင်းအစိုးရအဖွဲ့မှ အကြီးတန်းအရာရှိ ရာနာမိုဟာမက်ဆာလင်းမ်အက်ဖ်ဇယ်က နိုင်ငံတော်ရုပ်သံသို့ ပြောကြားခဲ့သည်။

ပါကစ္စတန်စစ်တပ်က ၎င်းတို့သည် ဒဏ်ရာရရှိသူများကို ကယ်ထုတ်ရန်အတွက် စစ်ရဟတ်ယာဉ်များကို အခင်းဖြစ်ပွားရာသို့ ပို့ဆောင်နေကြောင်းနှင့် ဆေးရုံများကို အသင့်အနေအထားဖြစ်အောင် စီစဉ်ထားကြောင်း ပြောခဲ့သည်။

ဝန်ကြီးချုပ်နာဝတ်ဇ်ရှာရစ်ဖ်က ယခုဖြစ်ရပ်နှင့် ပက်သက်၍ သူစိတ်ထိခိုက်ဝမ်းနည်းရကြောင်း ပြောကြားခဲ့ပြီး  သူ၏ညီဖြစ်သူ ရှက်ဟတ်ဇ်ရှာရစ်ဖ် ဦးဆောင်သော ပန်ဂျပ်ခရိုင်မှ အစိုးရအဖွဲ့ကို သေကြေထိခိုက်သူများအား ဆေးကုသမှုအပြည့်အဝပေးရန် ညွှန်ကြားထားသည်။

ပါကစ္စတန်နိုင်ငံတွင် ဆိုးရွားလှသောလမ်းများ၊ ကြံ့ခိုင်မှုမရှိသောယာဉ်များနှင့် အဆင်အခြင်မဲ့ ကားမောင်းမှုများ ကြောင့် အသေအပျောက်များသော ယာဉ်တိုက်မှုများ စံချိန်တင် ဖြစ်ပွားလေ့ရှိသည်။

လွန်ခဲ့သော ၂၀၁၅ခုနှစ်ကလည်း ပါကစ္စတန်တောင်ပိုင်းတွင် ဘတ်စ်ကားတစ်စီးနှင့် လောင်စာဆီသယ်ဆောင် လာသော ယာဉ်တစ်စီး တိုက်မိခဲ့သောကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အနည်းဆုံး ၆၂ဦး သေဆုံးခဲ့ရဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly