အသုံးပြုနေပြီဖြစ်ပေမယ့် မတွင်ကျယ်သေးတဲ့ အကြွေးဝယ်ကတ်တွေ

အသုံးပြုနေပြီဖြစ်ပေမယ့် မတွင်ကျယ်သေးတဲ့ အကြွေးဝယ်ကတ်တွေ

အခုနှစ် ဇန်နဝါရီလကနေစပြီး နိုင်ငံတကာငွေကြေးဝန်ဆောင်မှုကဒ်တွေဖြစ်တဲ့ Visa နဲ့ China Pay Union စတဲ့ ကဒ်တွေကို ပြည်တွင်းဘဏ်တွေနဲ့ ပူးပေါင်းပြီး ခရစ်ဒစ်ကဒ်လို့ ခေါ်တဲ့ ကြိုတင်သုံးငွေနဲ့ အကြွေးဝယ်ကဒ်အဖြစ် လုပ်ကိုင်နိုင်အောင် ဗဟိုဘဏ်က ခွင့်ပြုပေးခဲ့ပါတယ်။

ဒါပေမယ့် ဒီအခြေအနေဟာ ဘဏ်တွေအနေနဲ့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်နေရတာဖြစ်ပြီး ပိုပြီးတွင်ကျယ်ဖို့ စည်းမျဉ်းဥပဒေတွေလည်း လိုအပ်နေပါတယ်။

နယ်မြို့နယ်တစ်ခုကနေ ရန်ကုန်မှာ လာရောက်အလုပ်လုပ်ကိုင်နေသူ ကိုအောင်ဇော်မိုးက တစ်ကိုယ်ရေအသုံးစားရိတ်အပြင် မိသားစုကိုထောက်ပံ့နေရတာကြောင့် ငွေကြေးလိုအပ်ချက်က အမြဲရှိနေသူပါ။

ဒါကြောင့် ဘဏ်တွေက ထုတ်လုပ်ထားတဲ့ အကြွေးဝယ်ကဒ်ကို သူ့ရဲ့ ငွေကြေး လိုအပ်ချက်တစ်ချို့ကို ကာမိအောင် အသုံးပြုချင်တယ်လို့ ပြောပါတယ်။

"အဲလိုမျိုးရှိတယ်ဆိုရင်တော့ အဆင်ပြေတာပေါ့လေ။ ကိုယ်တွေက ရတဲ့လစာနဲ့သူတို့လိုချင်တဲ့ အတိုင်းအတာမျိုးကြတော့ ကိုယ်တွေ မပေးနိုင်တဲ့ အတိုင်းအတာတွေရှိတဲ့ အခါကြတော့ ဒီလိုမျိုး ခရက်တစ်ကဒ်ဘာညာနဲ့ သုံးခွင့်ရှိမယ်။ သုံးလို့ရမယ် ဆိုရင်တော့ အဆင်ပြေမှာပေါ့။" ကုမ္ပဏီဝန်ထမ်း ကိုအောင်ဇော်မိုးက ပြောပါတယ်။

ကြိုတင်သုံးငွေကဒ်စနစ်ကို ပြည်တွင်းထုတ် MPU ကဒ်မှာ စတင်အသုံးပြုနိုင်ဖို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ဗဟိုဘဏ်က ခွင့်ပြုခဲ့တာဖြစ်ပြီးတော့ နိုင်ငံတကာကဒ်တွေဖြစ်တဲ့ Visa,UPI,JCB စတာတွေကိုတော့ အခုနှစ် ဇန်နဝါရီလက ခွင့်ပြုထားတာပါ။

"ဘဏ်တွေက အရမ်းကြီးတော့ ခရက်တစ်ကဒ်က အရမ်းကြီးတော့ မမြန်သေးဘူး ထုတ်နေတာ နည်းနည်းတော့ နှေးတယ်။ ထုတ်တော့ ထုတ်နေတယ်ပေါ့နော်။ အင်တိုက်အားတိုက်နဲ ထုတ်တာတော့ မတွေ့ရပါဘူး။" လို့ Myanmar Pay Union-MPU ရဲ့ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က မဇ္ဈိမကိုပြောပါတယ်။

လက်ရှိအချိန်ကတော့ ဘဏ်တွေအနေနဲ့ မြေစမ်းခရမ်းပျိုးနေတဲ့ အချိန်ုဖြစ်ပြီး သုံးစွဲသူနဲ့ ဘဏ်တွေကြား ခိုင်မာတဲ့ စည်းမျဉ်းဥပဒေတွေကလည်း လိုအပ်နေပါတယ်။

သိပ်မကြာသေးခင်က ချေးငွေသတင်းအချက်အလက်ဆိုင်ရာဗျူရိုတစ်ခုကို ဘဏ်တွေ ပူးပေါင်း တည်ထောင်နိုင်ရင် သိရှိရမယ့် စည်းမျဉ်း စည်းကမ်းတွေကို ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

"အကြွေးဝယ်ကဒ်ကတော့ နည်းနည်း ပြဿနာရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာလည်း ခရက်တစ်ဗျူရို မရှိသေးဘူး။ အဲတော့ ဒီဘဏ်မှာ လျှောက်ထားသူက နောက်ဘဏ်မှာ လာလျှောက်မယ် သုံးခု၊လေးခု ဖြစ်နေမယ်။ နောက်ပြန်မဆက်နိုင်ဘူးဆိုတာတွေရှိတော့…" လို့ ဦးဇော်လင်းထွဋ်က ဆက်ပြောပါတယ်။

မြန်မာမှာက ခရစ်ဒစ်ကဒ်လို့ ခေါ်တဲ့ ကြိုတင်ငွေသုံးကဒ်၊ အကြွေးဝယ်ကဒ် စနစ်တွေက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ပြည်တွင်းဘဏ်တစ်ချို့ ထုတ်လုပ်ခဲ့ပေမယ့် အဲဒိခေတ်အခါက နိုင်ငံစီးပွားရေးအခြေအနေနဲ့ ခိုင်မာတဲ့ စည်းမျဉ်းဥပဒေတွေ မရှိခဲ့တာကြောင့် အောင်မြင်မှုမရခဲ့သလို လူသိလည်း နည်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly