ချင်းပြည်နယ် တီးတိန်တွင် အိန္ဒိယကုမ္ပဏီက သတ္တုတူးဖော်မည့်အတွက် ဒေသခံများက ကန့်ကွက်လက်မှတ်ရေးထိုး

ချင်းပြည်နယ် တီးတိန်တွင် အိန္ဒိယကုမ္ပဏီက သတ္တုတူးဖော်မည့်အတွက် ဒေသခံများက ကန့်ကွက်လက်မှတ်ရေးထိုး

တီးတိန်၊ ဇွန် ၂၅ ။          ။ ချင်းပြည်နယ်၊ တီးတိန်မြို့တွင် သတ္တုတူးဖော်မည့် စီမံကိန်းအတွက် ဒေါ်လွန်ကျေးရွာအုပ်စုက မြေဧက ၁၇၀၀၀ ကျော် လုပ်ကွက်လျောက်ထားသော အိန္ဒိယနိုင်ငံသားပိုင်ကုမ္ပဏီအား ဒေသခံများက ဇွန်လ ၂၄ရက်က ကန့်ကွက်လက်မှတ်ရေးထိုးခဲ့သည်။

ချင်းပြည်နယ်၊ တီးတိနိမြို့နယ်၊ ဒေါ်လွန်ကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် ၂၀၁၇ခုနှစ်၊ မတ်လအတွင်း အိန္ဒိယနိုင်ငံကုမ္ပဏီတစ်ခုဖြစ်သော Balasore Alloys Company မှ သတ္တုတူးဖော်ရန်စီမံကိန်းအတွက် မြေဧက နှစ်သောင်းနီးပါး လျောက်ထားခဲ့သည်ဟု သိရသည်။

ယင်းမြေများသည် ဒေသခံ ဌာနေတိုင်းရင်းသားတို့၏ အဓိက အားကိုးအားထားရသည့် ဘိုးဘွားပိုင်မြေများဖြစ်နေသဖြင့် ကျေးရွာလူထုများ၏ အသက်မွေးဝမ်းကြောင်းအဖြစ် စိုက်ပျိုးလုပ်ကိုင်နေရသော စိုက်ပျိုးမြေများ လက်လွှတ်ဆုံးမခံနိုင်၍ အခုလိုလက်မှတ်ထိုးကန့်ကွက်ရခြင်းဖြစ်သည် ကန့်ကွက်သူများက ပြောသည်။

"ကျွန်တော်သိရသလောက်ဆိုရင် အနားပေးစနစ်စိုက်ပျိုးမြေတွေ အကုန်လုံးပါသွားရုံမကဘူး။ ရေအရင်းအမြစ်အတွက် ထိန်းသိမ်းထားတဲ့သစ်တောတွေလည်း အကုန်ပါတယ်။ ဒါကြောင့်ကန့်ကွက်ရတာပါ" ဟု ဒေါ်လွန်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

"ဒီကိစ္စနှင့် ပတ်သက်ပြီး အနီးကပ်ဒေသခံကျေးရွာလူထုအားလုံးရဲ့ လက်မှတ်တွေစုစည်းပြီးမှ လွှတ်တော်မှအစ သမ္မတရုံးအထိပေးပို့သွားဖို့ရှိတယ်" ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

"ကုမ္ပဏီတွေကတော့ ပြီးခဲ့တဲ့မတ်လ၂၀ ဝန်းကျင်မှာ လာရောက်ပြီး သတ္တုတူးဖော်ဖို့အတွက် နေပြည်တော်နှင့်ပြည်နယ်အစိုးရမှ ခွင့်ပြုပြီးဖြစ်သဖြင့် ဒေသခံများ၏ သဘောတူလက်မှတ်ပဲလိုတော့တယ်။ ဒါကြောင့် ထောက်ခံလက်မှတ်ရေးထိုးပေးဖို့ လာရခြင်းဖြစ်တယ်လို့ ပြောပါတယ်" ဟု ဒေသခံ ဇိုဇန်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး Balasore Alloys Company Limited ၏ Senior Vice President Mr. Balendra Kumar Nath နှင့် တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အစိုးရအား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ဒေါ်လွင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတွာလ်ခန့်စိန်ကတော့ "မတ်လ ၁၆ ၂၀၁၇ နေ့ ကုမ္ပဏီလူတွေလာတုန်းက ခွင့်ပြုလက်မှတ်ရပြီးပြီလို့ပြောတယ်။ ကျွန်တော်တို့က ပြည်နယ်အစိုးရနှင့် သစ်တောဝန်ကြီးတို့ကိုသွားမေးတော့ ပြည်နယ်အစိုးရကသော်လည်းကောင်း၊ ပြည်နယ်သစ်တောဝန်ကြီးကသော်လည်းကောင်း ဘာမှမသိရှိရကြောင်းပြောတယ်" ဟု ပြန်လည်ရှင်းပြသည်။

၎င်းက ဆက်လက်၍ပြောပြသည်မှာ ဒေသအာဏာပိုင်အချို့က ဒေသခံရွာသားများအနေဖြင့် ယင်းကုမ္ပဏီကို ထောက်ခံရန် ခြိမ်းခြောက်မှုများလည်း ရှိသည်ဟု ဆိုသည်။

"ကျွန်တော်တို့ကျေးရွာအုပ်စု(၁၀)ရွာက အုပ်ချုပ်ရေးမှူးတွေ အစည်းအဝေးပြုလုပ်ပြီး သဘောထားနှင့် ကန့်ကွက်စာကိုလည်း ဇွန်လ (၁)ရက် ၂၀၁၇မှာ မြို့နယ်ထွေအုပ်ရုံးသို့ ပေးပို့ခဲ့ပါတယ်" ဟု ဦးတွာလ်ခန့်စိန်က ပြောသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဒေါ်လွန်ကျေးရွာအုပ်စုသည် ကျေးရွာ(၁၀)ရွာဖြင့့် ဖွဲ့စည်းထားပြီး အိမ်ခြေ ၈၀၀ ခန့်ရှိသည်။ ရွာသားအများစုသည် ရွေ့ပြောင်းတောင်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly