တရုတ်မြေပြိုမှုတွင် ပျောက်ဆုံးနေသော ၁၁၈ ဦးကို အသက်ရှင်လျက်ရှာတွေ့နိုင်မည့် မျှော်လင့်ချက်များ မှေးမှိန်လာ

တရုတ်မြေပြိုမှုတွင် ပျောက်ဆုံးနေသော ၁၁၈ ဦးကို အသက်ရှင်လျက်ရှာတွေ့နိုင်မည့် မျှော်လင့်ချက်များ မှေးမှိန်လာ

ဇွန် ၂၅ ။              ။ တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် ကြီးမားသောမြေပြိုကျမှုကြောင့် မြေအောက်တွင် ပိမိပျောက်ဆုံးနေသော ရွာသား ၁၁၈ဦးကို တနင်္ဂနွေနေ့တွင် ကယ်ဆယ်ရေးသမားများက မြေကြီးများ၊ ကျောက်တုံးများကိုတူးဆွကာ ဆက်လက်ရှာဖွေလျက်ရှိနေသော်လည်း အသက်ရှင်ကျန်ရစ်သူများကို ရှာတွေ့နိုင်မည့် မျှော်လင့်ချက်များ တဖြည်းဖြည်းမှေးမှိန်လာနေသည်။

ပြီးခဲ့သော စနေနေ့အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စီချွမ်ခရိုင်အတွင်းရှိ တောင်ပေါ်ရွာ၌ မြေပြိုကျမှုဖြစ်ပွားကာ နေအိမ်ပေါင်း ၆၂လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ကယ်ဆယ်ရေးသမားများသည် ကျောက်တုံးပုံ ကြီးများကြားမှ အလောင်း ၁၅လောင်းခန့်ကို ဆွဲထုတ်နိုင်ခဲ့သည်။

သို့သော်လည်း ဒေသခံအစိုးရ၏ အဆိုအရ နောက်ထပ်အနည်းဆုံး ၁၁၈ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ပြီး စုံတွဲတစ် တွဲနှင့် သူတို့၏ တစ်လသားအရွယ် ကလေးငယ်တို့သာ အသက်ရှင်ကျန်ရစ်ကြောင်း သိရသည်။

အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေ့တွေ့ရှိနိုင်မည့် အခွင့်အလမ်းမှာ တဖြည်းဖြည်းနည်းပါးလာကြောင်း အခင်း ဖြစ်ပွားရာနေရာမှ ဘူမိဗေဒကျွမ်းကျင်ပညာရှင်များ၏ ပြောဆိုချက်ကို ကိုးကား၍ ရှင်ဟွာသတင်းဌာနက ဖော်ပြ ခဲ့သည်။

အသက်ရှင်ကျန်ရစ်သော ကလေးငယ်လေး၏ ဖခင်ဖြစ်သူ Qiao Dashi က သူသည် မနက်ငါးနာရီခန့်တွင် ငိုကြွေးနေသော သူ၏ကလေးငယ်၏ သေးခံကိုလဲလှယ်ပေးရန် အိပ်ယာမှထလာစဉ် ကျယ်လောင်သောအသံ ကြီးတစ်ခု နောက်ဖေးဘက်မှ လာနေသည်ကို ကြားခဲ့ရကြောင်း ပြောခဲ့သည်။

“အိမ်တစ်ခုလုံး လှုပ်သွားပါတယ်။ ကျောက်တုံးတွေ ဧည့်ခန်းထဲကို ဝင်လာပါတယ်။ ကျနော့်မိန်းမနဲ့ ကျနော်က ကလေးငယ်ကို ချီပြီး အပြင်ဘက်ကို ထွက်ပြေးခဲ့ပါတယ်” ဟု သူက သူတက်ရောက်နေသည့် ဆေးရုံမှတဆင့် နိုင်ငံတော်သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးသမားများသည် သူတို့၏ ဦးထုပ်မှ မီးလုံးရောင်နှင့် အနံ့ခံခွေးများကို အသုံးချကာ ညလုံးပေါက် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြောင်း နိုင်ငံတော်သတင်းဌာနမှ ဖော်ပြခဲ့သော ဓာတ်ပုံများတွင် မြင်တွေ့နေရသည်။

ဒါ့အပြင် ရှာဖွေရေးလုပ်ငန်းများကို တနင်္ဂနွေနေ့မနက်တွင် ဆက်လက်ဆောင်ရွက်နေပြီး ကယ်ဆယ်ရေးသမား ၃၀၀၀ခန့်သည် သက်ရှိများကို အာရုံခံသည့် ကရိယာများကို အသုံးချကာ ရှာဖွေနေကြကြောင်း ရှင်ဟွာသတင်း ဌာနမှ ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly