ကွန်ဖက်ဒရေးရှင်းဖလားကို ရယူနိုင်မည်ဟု စီရော်နယ်ဒို ယုံကြည်နေ

ကွန်ဖက်ဒရေးရှင်းဖလားကို ရယူနိုင်မည်ဟု စီရော်နယ်ဒို ယုံကြည်နေ

ဇွန် ၂၅၊ ရုရှား ။            ။ ကွန်ဖက်ဒရေးရှင်းဖလားအုပ်စုနောက်ဆုံးပွဲစဉ်တွင် နယူးဇီလန်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ပေါ်တူဂီအသင်းခေါင်းဆောင်စီရော်နယ်ဒိုက ကွန်ဖက်ဒရေးရှင်းဖလားကို ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

နယူးဇီလန်နှင့်ပွဲစဉ်တွင် စီရော်နယ်ဒိုက ပင်နယ်တီမှ တစ်ဆင့် အဖွင့်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပြီး ကျန်သုံးဂိုးကို ဘာနာဒိုဆေးလ်ဗား၊ အန်ဒရီဆေးလ်ဗားနှင့် နာနီတို့က သွင်းယူပေးခဲ့ကြသည်။   ရော်နယ်ဒိုသွင်းယူခဲ့သည့်ဂိုးမှာ သူ၏ ၇၅ ဂိုးမြောက် နိုင်ငံတကာသွင်းဂိုးလည်း ဖြစ်သည်။

ပေါ်တူဂီအသင်းနှင့် မက္ကဆီကိုအသင်းတို့မှာ ၇ မှတ်စီတူညီနေသော်လည်း ပေါ်တူဂီအသင်းက ဂိုးကွာခြားချက်အသာဖြင့် အုပ်စုပထမနေရာကို ရရှိခဲ့သည်။ ပေါ်တူဂီအသင်းအနေဖြင့် အုပ်စု(ဘီ)မှ ဂျာမနီသို့မဟုတ် ချီလီအသင်းဖြင့် တွေ့ဆုံရမည်ဖြစ်သည်။

‘ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်လို့ အလွန်ပျော်ပါတယ်။ ကျွန်တော်တို့ကစားတာ ကောင်းမွန်ပြီး ပထမပိုင်းမှာတင် ရလဒ်ထွက်အောင် ကစားနိုင်ခဲ့ပါတယ်။ ကွင်းမြက်ခင်းပြင်က သိပ်မကောင်းလို့ ခက်ခက်ခဲခဲတော့ ကစားခဲ့ရပါတယ်။

ဆီမီးဖိုင်နယ်မှာ တွေ့နိုင်တဲ့ ဂျာမနီနဲ့ချီလီအသင်းတွေက အသင်းကောင်းတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။ အနိုင်လည်း ရချင်ပါတယ်’ ဟု စီရော်နယ်ဒိုက ပြောဆိုခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly