အသေးစားအလတ်စားလုပ်ငန်းတွေကို ကမ္ဘောဇဘဏ် ဘယ်လိုကူညီမလဲ

အသေးစားအလတ်စားလုပ်ငန်းတွေကို ကမ္ဘောဇဘဏ် ဘယ်လိုကူညီမလဲ

ကမ္ဘောဇဘဏ်၏ ငွေကြေးနှင့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဌာန အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးဇော်လင်းအောင်က မဇ္ဈိမကို ဇွန်လ အတွင်းက ဖြေကြားခဲ့သော အင်တာဗျူးတစ်ခုတွင် ဘဏ်အနေနှင့် နိုင်ငံ၏ အကြီးဆုံးဘဏ်မှသည် အသန်စွမ်းဆုံးဘဏ်ကြီးတစ်ခုဖြစ်အောင် တည်ဆောက်သွားချင်ကြောင်း ပြောဆိုခဲ့သည်။ ယင်းကို ပြည်တွင်းရှိ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများတိုးတက်မှုနှင့် အတူတကွ ကြီးထွားမည်ဟု ဦးဇော်လင်းအောင်က ဆိုသည်။

KBZ သို့မဟုတ် ကမ္ဘောဇဘဏ်သည် နိုင်ငံအဝှမ်းတွင် ဘဏ်လုပ်ငန်းခွဲပေါင်း ၄၇၀ ကျော်ဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိရာ အသေးစားအလတ်စားဘဏ်လုပ်ငန်း-SME Banking ကိုလည်း လွန်ခဲ့သည့် တစ်နှစ်အတွင်း မြှုပ်နှံလုပ်ကိုင်ခဲ့သည်။

အသေးစားအလတ်စားလုပ်ငန်းများသည် နိုင်ငံစီးပွားရေးတိုးတက်မှုအတွက် အဓိက မောင်းနှင်းအားဖြစ်နေပြီး မြန်မာကဲ့သို့ ရာခိုင်နှုန်း ၉၀ ကျော်ရှိသော အသေးစားအလတ်စားလုပ်ငန်းများ စဉ်ဆက်မပြတ်တိုးတက်ရေးသည်လည်း အဓိကကျ လျက်ရှိသည်။

ဖော်ပြမည့် အမေးအဖြေကဏ္ဍသည် ကမ္ဘောဇဘဏ်-ဘဏ္ဍာရေးဌာန အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးဇော်လင်းအောင်ကို မဇ္ဈိမ၏ စီးပွားရေးသတင်းဌာန အကြီးတန်းသတင်းထောက်ချုပ် ကိုအောင်သူရက ဘဏ်မှ လုပ်ကိုင်နေသော အသေးစားအလတ်စားလုပ်ငန်းကဏ္ဍနှင့် ဆက်လျဉ်း၍ မေးမြန်းထားခြင်းဖြစ်သည်။

မဇ္ဈိမ။  ။ကမ္ဘောဇဘဏ် အခု ဘာတွေကို တိုးချဲ့လုပ်ကိုင်နေပါသလဲဆိုတာ အရင်ဆုံး ပြောပြပေးပါ။

ဇော်။   ။ကမ္ဘောဇဘဏ်ဟာဆိုရင် မြန်မာပြည်မှာ ဦးဆောင်နေတဲ့ ဘဏ်ကြီးတစ်ခုပါ။ အခုက ခေတ်တွေ၊ စနစ်တွေ ပြောင်းလဲလာတဲ့အချိန်မှာ ကျွန်တော်တို့က ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်းပြောင်းလဲလုပ်လာရပါတယ်။ ကျွန်တော်တို့အရင်တုန်းကတော့ဖြင့် ကျွန်တော်တို့ သွားခဲ့တာက Customer တွေက ဘဏ်ကိုလာခဲ့ရတယ်။ ဘဏ်ကိုလာပြီးတဲ့အခါမှာတော့ ဘဏ်ကနေပြီးတော့ ကျွန်တော်တို့ဆီမှာရှိတဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးတယ်ပေါ့။ အဲဒီစနစ်ကနေပြီးတော့ အခု ကျွန်တော်တို့က ပြောင်းလဲလာတဲ့အရဆိုရင် ကျွန်တော်တို့မှာ Customer တူညီတဲ့ သဘောသဘာဝတူတဲ့ Customer တွေကို ကျွန်တော်တို့ အုပ်စုတွေဖွဲ့လိုက်တယ်။ ဥပမာ ဒီဘက်က  Corporate Customer အုပ်စု SME Customer အုပ်စု နောက်တစ်ခုက  Retail Customer အုပ်စုစသည်ဖြင့် အဲလိုမျိုး အုပ်စုတွေ ခွဲပြီးလုပ်ကိုင်ပါတယ်။ အဲဒိလိုလုပ်ကိုင်တာကြောင့် Customer တွေ စုစည်းသွားပါတယ်။ အဲဒိအခါမှာ ကျွန်တော်တို့က အုပ်စုတစ်ခုချင်းစီက Customer တွေရဲ့ လုပ်ငန်းသဘောသဘာဝနဲ့ သူတို့တွေ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် Product မျိုး၊ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ဝန်ဆောင်မှုမျိုးကို ကျွန်တော်တို့က သူတို့တွေနဲ့ ချိတ်ဆက်ပါ တယ်။ အဲဒိအခါမှာ ကျွန်တော်တို့က သူတို့ရဲ့ တုန့်ပြန်မှုတွေ၊ အကြံပြုချက်တွေကို နားထောင်၊ စဉ်းစားပြီး သူတို့တွေနဲ့ ကိုက်ညီမယ့် ဘဏ်ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။

မဇ္ဈိမ။  ။ဦးဇော်လင်းအောင် ပြောပြခဲ့တဲ့ Corporate ရယ်၊ SME ရယ်၊ Retail အုပ်စုရယ်ဆိုတာကို ရှင်းပြပေးပါ

ဇော်။   ။ကျွန်တော်တို့ အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ထားတာဟာဆိုရင် Corporate ဆိုတာက အဓိကကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ MNC-Multinational Corporation (နိုင်ငံစုံ စီးပွားရေးလုပ်ငန်းကြီးများ)၊ ဝန်ကြီးဌာန၊ သံရုံးစတာတွေ ပါဝင်ပါတယ်။ ပြီးရင် ပြည်တွင်းမှာဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံက ကုမ္ပဏီကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အကြီးစားလုပ်ငန်းတွေ စတာတွေက ဒီအုပ်စုမှာ ပါတာပါ။ အဲတော့ ကျွန်တော်တို့ဆီမှာဆိုလို့ရှိရင် ဒီ Corporate Customer တွေအတွက် Corporate Banking ဌာနတွေကို ကျွန်တော်တို့ တည်ထောင်ထားတယ်။ နောက်တစ်ခုက ခုနကပြောတဲ့ Retail Banking ကတော့ လက်လီစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေပေါ့။ တစ်ဦးချင်းပေါ့။ အဲဒီ လက်လီ Customer တွေကို ဝန်ဆောင်မှုပေးမယ့်နေရာမှာ Consumer Banking ဆိုပြီးတော့လည်း ရှိပါတယ်။ အဲဒါတွေအပြင် တစ်ဦးတစ်ယောက်ချင်းစီလည်း မဟုတ်ဘူး။ Corporate- စီးပွားရေးလုပ်ငန်းကြီးတွေလောက်လည်း မကြီးတဲ့ စီးပွားရေး လုပ်နေတဲ့ လုပ်ငန်းရှင်တွေအကုန်လုံးကို ဝန်ဆောင်မှုပေးတဲ့ဟာကတော့ SME Banking ပေါ့။

မဇ္ဈိမ။  ။ကျွန်တော်က SME- အသေးစားအလတ်စားလုပ်ငန်းတွေကို စိတ်ဝင်စားတယ်။ နိုင်ငံမှာလည်း ၉၀ ရာခိုင်နှုန်းကျော်က အသေးစား၊ အလတ်စားတွေလည်း ဖြစ်တယ်လို့ လေ့လာရတယ်။ သူတို့ကတော့ ရေရှည်ရှင်သန်နိုင်အောင် အားပေးကူညီမှုတွေလိုတယ်လို့ ပြောတာလည်း ကြားဖူးတယ်။ ဆိုတော့ ကမ္ဘောဇရဲ့ SME Banking အကြောင်းကို ရှင်းပြပေးပါလား

ဇော်။   ။အရင်တုန်းက အသေးစားအလတ်စားအလတ်စားလုပ်ငန်း- SME မှာ SME Banking လို့ ပြောလိုက်ပြီဆိုရင် ဘဏ်မှာ ငွေချေးတာလို့ပဲ လူတွေက သိကြတာ။ SME Customer တွေကလည်း SME ဌာနလို့ ပြောလိုက်လို့ရှိရင် ချေးငွေပဲ ထုတ်ချေးတယ်လို့ ထင်ထားတာပေါ့။ ကျွန်တော်တို့ ကမ္ဘောဇဘဏ်ရဲ့ SME ဆိုတာက လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီမယ့် Product တွေ၊ဝန်ဆောင်မှုတွေကို အလုံးစုံ ဖြေရှင်းပေးတာ။ ဥပမာ စီးပွားရေးလုပ်ငန်းတစ်ခုက သူ လုပ်ငန်းတိုးချဲ့ဖို့ ဒါမှမဟုတ်ရင် လက်ရှိလုပ်ငန်းရဲ့ Working Capital (လည်ပတ်ငွေကြေးအရင်းအနှီး)တွေ လိုအပ်လာပြီဆိုရင် သူ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် လုပ်ငန်းသဘောသဘာဝတွေ၊ ပြီးတော့ အဲဒိသဘောသဘာဝနဲ့ ကိုက်ညီမယ့် ချေးငွေနဲ့ ဝန်ဆောင်မှုတွေကို ကျွန်တော်တို့က တွက်ချက်အကြံပေးတာပါ။ ဒါကတော့ သူတို့ရဲ့ Working Capital (လည်ပတ်ငွေကြေးအရင်းအနှီး)တွေနဲ့ ပတ်သက်ပြီး ပြောတာပါ။

အဲလိုမဟုတ်ဘူး စက်ပစ္စည်းဝယ်ဖို့၊ စက်ရုံအသစ်ဆောက်ဖို့ အကိုးအကားတွေလိုလာပြီဆိုရင်လည်း ရင်းနှီးငွေကြေးနဲ့ ပတ်သတ်ပြီး အသုံးစားရိတ်တွေ လိုအပ်လာမယ်။ အဲဒါမျိုးဆိုရင်လည်း သူတို့ရဲ့ အလုပ်သဘောသဘာဝနဲ့ ကိုက်ညီမယ့် ချေးငွေမျိုးကို ကျွန်တော်တို့က အကြံပြုတယ်။ဒါပေမယ့် ကျွန်တော်တို့် ရဲ့SME Banking က ချေးငွေတစ်ခုတည်း မဟုတ်ဘူး။ SME တိုင်းက ငွေလိုတာမဟုတ်ဘူး။ တချို့ SME တွေက ငွေပိုနေတဲ့ SME တွေလည်း ရှိတယ်။ အဲဒိအခါမှာ လည်း သူတို့ ပိုလျှံငွေအပေါ်မှာ မူတည်ပြီး ဘယ်လောက်ပိုတာလဲ၊ အချိန်ဘယ်လောက်အထိ ပိုနေတာလဲ။ အဲဒီ ပိုနေတဲ့အပေါ်မှာ မူတည်ပြီး ကျွန်တော်တု့ိ အကောင်းဆုံး ပြန်ရနိုင်မယ့် အပ်ငွေစာရင်းတွေကိုလည်း သူတို့ကို အကြံပေးတယ်။

မဇ္ဈိမ။  ။ဆိုတော့ ဒီ SME Banking ကို စတင်ဝန်ဆောင်မှုပေးတာ ဘယ်လောက်ကြာပြီလဲ။

ဇော်။   ။KBZ Bank ရဲ့ SME Banking ကတော့ တစ်နှစ်နီးပါး ရှိပါပြီ။ တကယ်တမ်းလည်း အဲဒါကို လုပ်ကိုင်ဖို့ အတွင်းပိုင်းရော၊ အပြင်ဘက်ရော အကုန်လုံးကို ပြင်ဆင်ပြောင်းလဲပစ်ရတာပေါ့။ SME ဆိုရင် ချေးငွေတစ်ခုတည်း မြင်နေရမယ့်အစား ကျွန်တော်တို့ ကမ္ဘောဇဘဏ်ရဲ့ SME Banking က ချေးငွေအပြင်ကို ခုနကပြောတဲ့ အကြံပေးတဲ့ ဝန်ဆောင်မှုတွေနဲ့ သူ့လုပ်ငန်းနဲ့ ကိုက်ညီမယ့် ထုတ်ကုန်ဝန်ဆောင်မှုမျိုးကို ကျွန်တော်တို့ အကြံပြုတယ်။ အကြံပြုပေးတော့ သူတို့ရဲ့ လုပ်ငန်းမှာ ကုန်ကျစားရိတ်တွေ သက်သာသွားစေပါတယ်။ ပြီးတော့ လုပ်ငန်းအရည်အသွေးလည်း တက်လာတယ်။ အလုပ်ဝန်ထုပ်ဝန်ပိုးတွေလည်း ကျဆင်းစေတယ်။

မဇ္ဈိမ။  ။ဒါဆိုရင် တစ်နှစ်အတွင်းမှာ SME အပိုင်းနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းက အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်တဲ့အပိုင်းက ဘယ်လောက်တောင်ရှိလဲ။

ဇော်။   ။အင်မတန် အားရစရာကောင်းပါတယ်။ အဓိကအနေနဲ့ ကျွန်တော်တို့ဘဏ်ရဲ့ ဝန်ဆောင်မှုကတော့ SME Banking မဖွဲ့စည်းခင်ကတည်းက ကျွန်တော်တို့ SME လုပ်ငန်းရှင်တွေကို ကူညီနေပြီးသားပေါ့လေ။ အခု ကျွန်တော်တို့ SME Banking ကို တည်ထောင်ပြီးတော့လည်း ခုနက ပြောခဲ့သလို SME Customer တွေအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုတို့၊ လိုအပ်တဲ့ ချေးငွေနဲ့ ဝန်ဆောင်မှုအပြင် အကြံဉာဏ်တွေကို ပေးတဲ့အခါမှာ သူတို့ဘက်ကလည်း SME Banking ကို အပြည့်အဝ သဘောမပေါက်တဲ့အခါမှာ ဒီကနေ သူတို့ဘယ်လိုအောင်မြင်အောင် လုပ်ကိုင်သွားမလဲဆိုတာကို မသိတာလည်းရှိတယ်။

အဲလိုမျိုးအချိန်မှာ ကျွန်တော်တို့က ရက်တို၊ရက်ရှည်သင်တန်းတွေ ကျွန်တော်တို့ရဲ့ Customer တွေကို ဘဏ္ဍာရေးဆိုင်ရာသင်တန်းတွေ၊ ဗဟုသုတတွေကို မျှဝေပေးပါတယ်။ အဲဒိမှာ လုပ်ငန်းတစ်ခုအတွက် အခြေခံစီမံချက်တွေ-Basic Plan ကို ဘယ်လိုတည်ဆောက်ရလဲ၊ ဈေးကွက်စီမံချက်-Marketing Plan ကို ဘယ်လို ရေးဆွဲရလဲ။ စွန့်စားမှု-Risk တွေကို နည်းပါးအောင် ဘယ်လိုလုပ်ကိုင်ရသလဲ စတဲ့ Training တွေကို ပေးပါတယ်။

မဇ္ဈိမ။  ။Training ပေးတာက လက်တွေ့မှာ ထိရောက်ရဲ့လား။

ဇော်။   ။ကျွန်တော်တို့ Training ပေးရတဲ့ရည်ရွယ်ချက် ရှိပါတယ်။ ဘာလဲဆိုရင် ကျွန်တော်တို့နဲ့ သူတို့-Customer တွေနဲ့ လက်တွေ့ ဆက်ဆံလုပ်ကိုင်ရတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က ရှင်းပြတာနဲ့ သူတို့ မြင်တာတွေက တစ်ခါတစ်လေ မတိုက်ဆိုင်တာမျိုးရှိတတ်တယ်။ ဥပမာ ပြောရရင် ကျွန်တော်တို့ SME တွေကို ငွေချေးမယ်ဆိုရင် အရင်က အပေါင်ပစ္စည်း- Collateral အပေါ်မှာ စဉ်းစားတယ်။

အခု ကျွန်တော်တို့ SME Banking ကို ပြောင်းပြီးတဲ့အချိန်မှာ ကျွန်တော်တို့ အဲဒိလိုမဟုတ်တော့ဘူး။ ပထမဦးစားပေးစဉ်းစားတာက အဲဒိလုပ်ငန်းရဲ့ သဘောသဘာဝက ဘယ်လိုမျိုးလဲ၊ သူက ဘယ်လောက်အထိ ကျွမ်းကျင်လဲ၊ သူ့ရဲ့ ဂုဏ်သတင်း- Reputation က ဘာလဲ၊ ဦးဆောင်မှုနဲ့ တာဝန်ယူမှုက ဘယ်လောက်ရှိလဲ။ ပြီးတော့ ကျွန်တော်တို့ ကမ္ဘောဇဘဏ်နဲ့ သူတို့အကြား ဆက်ဆံရေး ဘယ်လောက်ထိ ကောင်းခဲ့တာလဲ၊ ကျွန်တော်တို့နဲ့ ဘယ်အချိန်လောက်က စပြီးတော့ ဆက်သွယ်ခဲ့တာလဲ။ အဲဒါတွေကို အရင်ကြည့်ပြိးတော့မှ ကျွန်တော်တို့က အပေါင်ပစ္စည်း- Collateral စဉ်းစားတာပါ။

ဒါကြောင့် ကျွန်တော်တို့က သူတို့လုပ်ငန်းနဲ့ ပတ်သက်တာတွေကို နားလည်အောင်မေးမြန်းရတယ်။ လုပ်ငန်းကောင်းရင် လူကို ယုံကြည်စိတ်ချရပြီဆိုရင် ကျွန်တော်တို့က အပေါင်ပစ္စည်းကို လျှော့ပေါ့စဉ်းစားတယ်။ မေးတဲ့အခါ တစ်ခါတစ်လေ ကျရင် သူတို့က မေးတဲ့အချိန်မှာ မဖြေချင်ဘူး။ ဘာလို့ဒီဟာတွေ၊ဒီမေးခွန်းတွေ မေးရတာလဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် လုပ်ငန်းက တင်ပြလာတဲ့ အချက်အလက်တွေကို စိစစ်ပြီးတော့မှ ဒီလုပ်ငန်း ဘယ်လောက်ကောင်းတယ်ဆိုတာ ကျွန်တော်တို့က စဉ်းစားရမှာပေါ့။ ကျွန်တော်တို့ မေးခွန်းတွေ ဘာကြောင့် မေးရတယ်ဆိုတာ နားမလည်တဲ့အခါကျတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုမှာလည်း နည်းတာပေါ့။ အဲဒါကြောင့် လုပ်ငန်းရှင်တွေ အခြေအနေတွေကို နားလည်အောင် Training ပေးရတာပါ။

မဇ္ဈိမ။  ။အပေါင်ပစ္စည်းပဲ ငွေချေးလို့ရတဲ့ CGI- Credit Guarantee Insurance (အာမခံချေးငွေ) စနစ်ကို ပြည်တွင်းက ဘဏ်တစ်ချို့ လုပ်ကိုင်နေတယ်။ ကမ္ဘောဇဘဏ်ရော လုပ်နေပြီလား

ဇော်။   ။အဲဒါက အခု ကျွန်တော်တို့ လုပ်နေပါပြီ။

မဇ္ဈိမ။  ။အဲဒီအတွက် စွန့်စားမှု- Risk က ဘာဖြစ်မလဲ။

ဇော်။   ။CGI စနစ်အတွက် ကျွန်တော်တို့ ဘဏ်က မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံတွေကို ဝယ်ယူထားရတယ်။ အကယ်၍ လုပ်ငန်းရှင်တစ်ဦးက အကြောင်းအမျိုးမျိုးကြောင့်   ချေးငွေကို   ပြန်မဆပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့က ဆုံးရှုံးမှု ၁၀၀ ရာခိုင်နှုန်းထဲမှာ ၄၀ ရာခိုင်နှုန်းကို မြန်မာ့အာမခံလုပ်ငန်းက ပြန်လျော်ပေးတယ်။ ကျန်တဲ့ ၄၀ % ကိုတော့ ဘဏ်က ဆုံးရှုံးတာပေါ့။ အဲဒိအခါမျိုးမှာ ဘဏ်ရဲ့ ဆုံးရှုံးမှုအပေါ် Risk က ၄၀% ဖြစ်သွားပြီ။ ဒါက ကျွန်တော်တို့ ဘဏ်အတွက်က ၁၀၀ ရာခိုင်နှုန်း စိတ်ချယုံကြည်ရသလားဆိုတော့ မဖြစ်ဘူး။

မဇ္ဈိမ။  ။အဲဒိ CGI စနစ်နဲ့ အလုပ်လုပ်နေတာ ဘယ်လောက်လောက်ရှိလဲ။

ဇော်။   ။ဆယ်ဂဏန်းတစ်ခုကျော်လောက်ရှိပါတယ်။

မဇ္ဈိမ။  ။စွန့်ဦးတီထွင်လုပ်ငန်းတွေ၊ လုပ်ငန်းအသစ်တွေအတွက် ချေးငွေအကူအညီတွေရော ကမ္ဘောဇဘဏ်မှာ ရှိလား

ဇော်။   ။အဲဒါကအရမ်းအရေးကြီးပါတယ်။ကျွန်တော်တို့ SME Banking ရဲ့ရည်ရွယ်ချက်ကိုက လုပ်ငန်းသစ်တွေဖြစ်ဖြစ်၊ အောင်မြင်ပြီးသားလုပ်ငန်းတွေပဲဖြစ်ဖြစ် သူတို့လုပ်ငန်းအောင်မြင်လာဖို့၊ လုပ်ငန်းတိုးချဲ့ဖို့အတွက် ကျွန်တော်တို့မှာ ငွေကြေးအခွင့်အလမ်းတွေကိုကူညီပေးရမလားဆိုတာမျိုးရှိပါတယ်။ သူတို့အတွက် နောက်ထပ်အစီအစဉ်တစ်ခုအနေနဲ့ လုပ်ငန်းကွန် ရက်- Business Network လည်းရှိပါတယ်။ အဲဒိအစီအစဉ်ကနေ သူတို့ကို ကွန်ရက်နဲ့ ချိတ်ဆက်ပြီး ဈေးကွက် အခွင့်အလမ်းတွေ လုပ်ပေးပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့က တောက်လျှောက်လုပ်ပေးတာပါ။ သူတို့မှာ လုပ်ငန်းတစ်ခုလုပ်ကိုင်ဖို့ စိတ်ကူး-Idea ရှိတယ်၊ အဲဒါက သိပ်ကောင်းနေတယ်၊ ဒါပေမယ့် လုံလောက်တဲ့ ငွေကြေးမရှိဘူး ဆိုရင် ကျွန်တော်တို့က ကွန်ရက်ကနေ ကူညီပေးရမလားစတာတွေပေါ့။ နောက်ပြီး သူတို့တွေအတွက် ကုမ္ပဏီကထုတ် လုပ်မယ့် Credit Product မျိုးကိုလည်း ကျွန်တော်တို့ရဲ့ Product Roadmap အဖြစ် ချမှတ်ပြီးသားပါ။

မဇ္ဈိမ။  ။ကမ္ဘောဇဘဏ်းကို အများပြည်သူက ယုံကြည်စိတ်ချရတယ်လို့ ထင်လား။

ဇော်။   ။ကျွန်တော်တို့သွားချင်တဲ့ ဦးတည်ချက်က အရမ်းရှင်းပါတယ်။ ကျွန်တော်တို့က ဦးဆောင်ဘဏ်တစ်ခုဖြစ်တယ်။ ကျွန်တော်တို့ အတွင်းမှာ ပြောနေတဲ့စကားအရဆိုရင် အကြီးဆုံးဘဏ်တစ်ခုဖြစ်ရုံတင်မကဘဲ အသန်စွမ်းဆုံးဘဏ် တစ်ခုဖြစ်ဖို့လည်း လိုအပ်တယ်။အခုဆိုရင် ကမ္ဘောဇဘဏ်ဟာ နိုင်ငံ့ရဲ့ နေရာအနှံမှာ ဘဏ်ခွဲပေါင်း ၄၇၀ ကျော်နဲ့ ဘဏ်ဝန်ဆောင်မှုတွေကို ပေးနေပါတယ်။ဝန်ဆောင်မှုပေးနေတဲ့ ပြည်သူလူထုအရေအတွက်မှာဆိုရင်လည်း တတိယအဖွဲ့အစည်းတစ်ခုက ထုတ်ပြန်ထားတဲ့ စာရင်းအရ ၄၀% ကျော်မှာရှိပါတယ်။ ပိုပြီးယုံကြည်စိတ်ချရတဲ့ ဘဏ်တစ်ခုဖြစ်ဖို့ ပြောင်းလဲမှုတွေကို လုပ်ကိုင်တဲ့နေရာမှာ IT အပိုင်း၊ လူ့စွမ်းအားအရင်းအမြစ်အပိုင်းနဲ့ ဘဏ်ခွဲလည်ပတ်စီမံခန့်ခွဲမှုတွေကို   ကောင်းအောင်   ပြောင်းလဲပစ်ရတာတွေကို လုပ်နေပါတယ်။ ပြီးတော့ ဘဏ်ဝန်ဆောင်မှုတွေနဲ့ ဘဏ်ခွဲတွေကို ချိတ်ဆက်မှု၊ နည်းပညာ Software တွေ ပိုကောင်းအောင် Core Banking ကိုလည်း ပိုကောင်းအောင် ရင်းနှီးမြှုပ်နှံရပါတယ်။

နိုင်ငံတကာအဆင့်မီဘဏ်ဖြစ်လာတဲ့အထိ ကျွန်တော်တို့မှာ အကောင်းဆုံး အတွေ့အကြံနဲ့ အလေ့အကျင့်ကောင်း တွေရှိတယ်။ ကမ္ဘောဇဘဏ်ဟာ နိုင်ငံတကာဘဏ္ဍာရေးဈေးကွက်ထဲကို ပထဆုံးထိုးဖောက်နိုင်တဲ့ ပြည်တွင်းဘဏ်တစ်ခုလည်းဖြစ်တယ်။ အခုကျွန်တော်တို့ ထိုင်း၊စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေမှာ ဘဏ်ကိုယ်စား လှယ်ရုံးခွဲတွေကို ဖွင့်လှစ်ထားနိုင်ခဲ့တယ်။ အဲဒိလို ဖွင့်လှစ်ဖို့လည်း အဲဒိအိမ်ရှင်နိုင်ငံတွေက ကျွန်တော်တို့ရဲ့ ဘဏ်လုပ်ထုံးစည်းမျဉ်းတွေ၊ ဘဏ္ဍာရေးဆိုင်ရာပွင့်လင်းမြင်သာမှု၊ စီမံခန့်ခွဲမှု စတာတွေ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကိုက်ညီမှုရှိ မရှိ စစ်ဆေးတယ်။ အဲဒါတွေ မကိုက်ညီခဲ့ရင် ကျွန်တော်တို့ကို သူတို့ဆီမှာ ဖွင့်လှစ်ခွင့်ပေးခဲ့မှာမဟုတ်ဘူး။

ပြောချင်တာက ကျွန်တော်တို့ဟာ အများပြည်သူ၊လုပ်ငန်းရှင်ကြီးများ အားကိုးယုံကြည်လောက်တဲ့ ဘဏ်တစ်ခုဖြစ်တယ်ဆိုတာ ဒါတွေက သာဓကတွေပဲ။ ကျွန်တော်တို့ကမ္ဘောဇဘဏ်က နိုင်ငံတကာဘဏ္ဍာရေးဈေးကွက်ကိုတောင်မှ ဝင်နိုင်တယ်။ခုနကပြောသလို ကျွန်တော်တို့က ယုံကြည်စိတ်ချရမှုအရှိဆုံး၊ အခိုင်အမာဆုံး၊ အများပြည်သူ အားကိုးအရဆုံးဘဏ်တစ်ခုဖြစ်အောင် တည်ထောင်ချင်တာပါ။

မဇ္ဈိမ။  ။ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဇော်။   ။ခုနပြောသလို ကျွန်တော်တို့ ဘဏ်အနေနဲ့ ယုံကြည်မှုကို တည်ဆောက်နေတဲ့နေရာမှာ အခြေခံအဆောက်အအုံအပိုင်းပဲဖြစ်ဖြစ် လုပ်နေရင်းနဲ့ မပြည့်စုံတဲ့အပိုင်းတွေတော့ ရှိတာပေါ့။ ဒါပေယ့် ကျွန်တော့်ရဲ့ တစ်ဦးတည်းအမြင်ကို ပြောပါဆိုရင် မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းဟာ လွန်ခဲ့တဲ့ ၃နှစ်နဲ့ ၅ နှစ်အတွင်းမှာ အများကြီးကောင်းလာတယ်။ ကောင်းသော ပြောင်းလဲခြင်းနဲ့ ပြောင်းလဲလာတယ်။ ကမ္ဘောဇဘဏ်အနေနဲ့ဆိုရင်လည်း အခြေခံအဆောက် ခုနကပြောတဲ့ အခြေခံအဆောက်အအုံမပြည့်စုံလို့ တစ်ခါတစ်ရံ System  Downtime ဖြစ်တဲ့ဟာတွေကို ကျွန်တော်တို့အနေနဲ့ လျှော့ပါးနိုင်အောင် KBZ Gateway လိုမျိုးဆိုတာကိုလည်း ရင်းနှီးမြှုပ်နှံထားပါတယ်။ အဲဒိ KBZ Gateway မှာ VSat နည်းပညာအနေနဲ့ နောက်ထပ် အစီအစဉ်တွေလည်း ရှိပြီးသားပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly