လွှတ်တော်ရေးရာကော်မတီထက် ကော်မရှင်များ အာဏာပိုကြီးနေခြင်းမှာ မကောင်းသောလက္ခဏာရပ်ဟု ဝေဖန်

လွှတ်တော်ရေးရာကော်မတီထက် ကော်မရှင်များ အာဏာပိုကြီးနေခြင်းမှာ မကောင်းသောလက္ခဏာရပ်ဟု ဝေဖန်

ရန်ကုန်၊ဇွန်၂၆ ။            ။ မြန်မာနိုင်ငံရှိ ကော်မရှင်များသည် ရွေးကောက်ခံကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် လွှတ်တော်ရေးရာကော်မတီထက် အာဏာကြီးနေခြင်းမှာ မကောင်းသော လက္ခဏာတစ်ရပ်ဖြစ်နေပြီး အမေရိကန်နိုင်ငံနှင့် ယှဉ်ပါက ထူးဆန်းနေသည်ဟု ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့မှ ဘုတ်အဖွဲ့ဝင် ဦးအောင်ဒင်က ဆိုသည်။

"ကျွန်တော်တို့ဒီမှာကျတော့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတဲ့ကော်မရှင်က ဥပဒေကြမ်းရေးဆွဲခွင့်အာဏာရှိတယ်။ နည်းဥပဒေရေးဆွဲခွင့်နေရာအထိ သူကဝင်ပြီး စွက်ဖက်ဖို့အာဏာပါဝါတွေ ရှိနေတယ်။ အဲ့ဒါတွေက ကျွန်တော့်အမြင်ကျတော့ ထူးဆန်းတယ်။ ဒီကော်မရှင်ဆိုတာက ရွေးကောက်ခံကိုယ်စားလှယ်နည်းနည်းပဲပါပြီးတော့ သင့်လျှော်သော နိုင်ငံသားတွေပါဝင်တဲ့အဖွဲ့အစည်း။ အဲဒီလိုအဖွဲ့အစည်းက ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီထက် အာဏာကြီးနေတယ်။ ဥပဒေပြုလုပ်ငန်းမှာ ကြံ့ခိုင်တဲ့လက္ခဏာလို့မမြင်ဘူး ဒါမကောင်းတဲ့ လက္ခဏာလို့ပဲမြင်တယ်"ဟု ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့မှ ဦးအောင်ဒင်က မီဒီယာများကို ပြောကြားသည်။

အမေရိကန်လွှတ်တော်နှင့် မြန်မာနိုင်ငံလွှတ်တော်များကြား နှိုင်းယှဉ်လေ့လာထားသော လွှတ်တော်ရေးရာကော်မတီများ၏ အခန်းကဏ္ဍအကြောင်း ဆွေးနွေးပွဲကို ယနေ့ဇွန်(၂၅)ရက်နေ့က Orchid Hotel၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင်ရှိသော ကော်မရှင်များသည် လွှတ်တော်ဥက္ကဌ၏ သဘောနှင့်ဖွဲ့ခွင့်မရှိသလို ဥပဒေပြဌာန်းပြီးမှ ကော်မရှင်၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရသည်။ အဆိုပါကော်မရှင်၏ လုပ်ငန်းတာဝန်မှာ လွှတ်တော်ကို အကြံပေးရန်သာ ဖြစ်ပြီး ဥပဒေပြုခွင့်နှင့် ဥပဒေကြမ်းစစ်ဆေးရန် အာဏာမရှိရဘူးဟု သူက ဆက်ပြောသည်။

အမေရိကန်လွှတ်တော်နှင့် မြန်မာနိုင်ငံလွှတ်တော်များကြား နှိုင်းယှဉ်လေ့လာထားချက်များမှ ကိုယ်တိုင်လက်ငင်းဆောင်ရွက်နိုင်သည့် အချက်အလတ်များကို တွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီဝင် ဦးလှဌေးက မဇ္ဈိမကို ပြောသည်။

"တစ်ချို့ဟာတွေကကျတော့ ၂၀၀၈ အခြေခံဥပဒေထဲမှာ ကော်မတီတွေ ရေးရာကော်မတီတွေကို လုပ်ပိုင်ခွင့်တရားဝင်ပေးထားတာမရှိဘူး တရားဝင်ပေးထားတာမရှိသလို တားထားတာလည်းမရှိဘူး အဲဒီလို အချက်အလက်မျိုးကို ကျွန်တော်တို့ယူပြီးတော့ ကော်မတီတွေ၊ ရေးရာကော်မတီလုပ်ငန်းစဉ်တွေ လုပ်ကိုင်တဲ့နေရာမှာ အဲဒီအချက်အလတ်တွေဖြည့်စွက်ပြီးတော့ လုပ်နိုင်သွားတာတွေရှိပါတယ်"ဟု လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီဝင် ဦးလှဌေးက ဆိုသည်။

အဆိုပါ နှိုင်းယှဉ်လေ့လာမှုတွင် အမေရိကန်နိုင်ငံရှိ လွှတ်တော်ဖြစ်သည့်အတွက် ပိုကောင်းမွန်သည်မဟုတ်ဘဲ အားနည်းချက်များလည်း ရှိနေကြာင်း ကောင်းမွန်သည့် အချက်များသာ   ရွေးချယ်တင်ပြပေးထားခြင်းဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးသူ ဦးအောင်ဒင်က ပြောသည်။

အမေရိကန်လွှတ်တော်နှင့် မြန်မာနိုင်ငံလွှတ်တော်များကြား နှိုင်းယှဉ်လေ့လာချက်များကို ဦးဆောင်ဆွေးနွေးသူ ပွင့်လင်းမြန်မာရှေ့ဆောင်မှ ဦးအောင်ဒင်သည် အမေရိကန်နိုင်ငံတွင် ၁၇နှစ်ကြားနေထိုင်ပြီး မြန်မာနိုင်ငံရှိ ဥပဒေပြုယန္တယားအား ပိုမိုတိုးတက်စေရန် လေ့လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly