ထိုင်းဥပဒေသစ်အရ တရားမဝင် နိုင်ငံခြားသား အလုပ်သမား အများအပြား ဖမ်းဆီးခံနေရ

ထိုင်းဥပဒေသစ်အရ တရားမဝင် နိုင်ငံခြားသား အလုပ်သမား အများအပြား ဖမ်းဆီးခံနေရ

ဇွန်လ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။        ။ ထိုင်းအစိုးရ၏ ရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးရန် စီမံချက်အရ ထိုင်းနိုင်ငံတစ်ဝန်း တရားဝင် အထောက်အထား မရှိသော   ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရ၏ စုပေါင်းတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း အများအပြား ဖမ်းဆီးခံနေရပြီ ဖြစ်ကြောင်း   မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး   ဆောင်ရွက်နေသူများက   ပြောသည်။

“သူနိုင်ငံ တရားမဝင်အလုပ်သမားလက်မခံတော့ဘူး။ ဥပဒေ ထွက်ပြီလေ။ MOU စည်းမျဉ်းစည်းကမ်းနဲ့ လုပ်တော့မှာ၊ တရားမဝင်ရင်တော့ ဖမ်းခံရမှာဘဲ။ လွဲတာတို့ ချော်တာတို့က ဖမ်းမှာဘဲ။ အလုပ်ရှင်နဲ့ အလုပ်သမားရှိတယ်။ အလုပ်ရှင်ထံမှာ မှတ်ပုံတင်နဲ့ကွဲလွဲချက်ရှိရင် ဖမ်းမှာဘဲ။ အခုကြတော့ အလုပ်သမားတွေက လွဲချော်တယ်။ အလုပ်ရှင်တွေကလည်း ပိုက်ဆံပေး သက်သာတယ်ဆိုတာ အခုတော့ လက်မခံတော့ဘူး”ဟု ဘန်ကောက်မြို့မှ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေသာ ၃ သိန်းကျော်ခန့်ရှိကြောင်း မြန်မာအစိုးရက လည်း ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လက်ရှိ ထိုင်းအစိုးရက လုပ်ဆောင်ပေးထားသော ပန်းရောင်ကဒ် ကိုင်ဆောင်ထားသော အလုပ်သမားများကလည်း မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ အထောက်အထား စာအုပ် (CI) စာအုပ် ယနေ့ထိ အလုပ်သမား ၁ သိန်း ၆ သောင်းကျော် ပြုလုပ်ပေးပြီးသွားပြီ ဖြစ်ကြောင်း ဦးမိုးအောင်ခိုင်က ပြောသည်။

ဇွန်လ ၂၃ ရက်နေ့ထိ ထိုင်းအစိုးရ၏ ပူးပေါင်းတပ်ဖွဲ့က နယ်မြေအသီးသီးတွင် ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ လန်းပွန်း၊ ချင်းရိုင် စသည့် ခရိုင်များအတွင်းရှိ တရားဝင် အထောက်အထားမရှိခြင်း၊ အထောက်အထား ရှိသော်လည်း သူဌေးမတူဘဲ အလုပ်လုပ်နေသော အလုပ်သမားများ၊ နယ်ကျော် အလုပ်လုပ်နေသော ရွှေ့ပြောင်း အလုပ်သမားပေါင်း ၁၀၀၀ ခန့် ဖမ်းဆီးခံနေရပြီ ဖြစ်ကြောင်း မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီမှ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

“ထိုင်းနိုင်ငံ အနံ့အပြားမှာ ထိုင်းနိုင်ငံ အလယ်ပိုင်း၊ ဘန်ကောက် ချွန်ဘူရီခရိုင်တို့၊ နောက်ဘန်ကောက်မြို့တော် တဝိုက်၊ စမုတ်ပန်ကန်၊ ထိုင်းမြောက်ပိုင်းမှာဆိုရင် ချင်းရိုင်ခရိုင်၊လန်းပန်းခရိုင်အနံ့အပြားပေါ့။ အခုလောက်ဆိုရင် နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမား ဒီ ၄ ၊ ၅ရက် အတွင်းပေါ့။ ၁၀၀၀ လောက် ဖမ်းခံထားရတယ်။ ချွိုင်ဘူရီတစ်ခုပဲ  ၃၀၀ ကျော်တယ်။ တရားဝင် ထောက်ထားမရှိတာရယ်၊ အထောက်အထားလွဲတာ။ အထောက်အထားလွဲတယ်ဆိုတာ လုပ်ငန်းရှင် သူဌေးမတူတာ။ လုပ်ငန်းနေရာမတူတာ။ အထောက်အထား မစုံတာတွေ ဖမ်းတာ”ဟု သူက မဇ္ဈိမကို ပြောသည်။

မဲဆောက်မြို့ တပ်ချ်ပြည်နယ်အတွင်း ဇွန်လ ၁ ရက်မှ ၅ ရက်နေ့ထိ ရွှေ့ပြောင်းအလုပ်သမား ၅၀၀ ကျော် ဖမ်းဆီးခံရကြောင်း ယခုကဲ့သို့ ဖမ်းဆီးနေခြင်းသည် အထောက်အထား လုပ်ရန် တိုက်တွန်းခြင်း၊ ဖိအားပေးခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ထိုင်းအစိုးရ၏ ဥပဒေသစ်အရ နိုင်ငံခြားသား ရွှေပြောင်းအလုပ်သမားများ ဖမ်းဆီးရန် စီမံချက်ဖြင့် ထိုင်းအစိုးရ၏ ထိုင်းတပ်မတော်၊ နယ်ခြားစောင့်တပ်၊ လဝကရဲ၊ မူခင်းရဲ၊ ပြည်သူ့စစ်၊ အလုပ်သမားဌာနများ  ပူးပေါင်းတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သူက ပြေသာည်။

“ထိုင်းဥပဒေအသစ်အရဆိုရင် နိုင်ငံခြားသားတွေကို ဖမ်းဆီးဖို့ စီမံချက်ရှိတယ်။ ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး။ အရင်ရှိနေပြီးသား နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီး စီမံချက်ကို ထပ်ပြီး မွန်းမံပြင်ဆင်လိုက်တာ။ ပြစ်ဒဏ်တွေ တိုးမြင့်လိုက်တာ။ ဥပမာ ငွေဒဏ်တွေ တိုးမြှင့်သတ်မှတ်လိုက်တာ”ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် အလုပ်သမားများနှင့် ပတ်သက်၍ တင်ပြခဲ့သော်လည်း ယခုထိ တစ်စုံတရာ အကောင်အထည်ဖော်ခြင်း မရှိသဖြင့်   ရွှေ့ပြောင်းအလုပ်သမား ၄ သန်းခန့်သည် ယခင်အစိုးရလက်ထက် စွန့်ပစ်ခံထားရသလို၊ ယခုအစိုးရ လက်ထက်ထိ စွန့်ပစ်ခံထားရဆဲ ဖြစ်သည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။

“တစ်နှစ်သာ ကာလအတွင်းမှာ မြန်မာအလုပ်သမား ဝန်ကြီးဌာနနဲ့ နိုင်ငံခြားသားဌာနသည် ကျနော်တို့ အပါအဝင် အလုပ်သမားတွေ တင်ပြတဲ့ဟာတွေကို မူဝါဒ တစုံတရာ ချမှတ်တာ မရှိသေးဘူးဗျ”ဟု သူက ပြောသည်။

ဇွန်လ ၂၀ ရက်နေ့က ထိုင်းအစိုးရ ထုတ်ပြန်လိုက်သော ဥပဒေသစ်သည် ထိုင်းခုနှစ်သက္ကရာဇ် ၂၅၅၁ ခုနှစ်မှ ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်တာဝန်စီမံခန့်ခွဲရေးစနစ်တခုလုံးကို လုံခြုံဗုံးလွမ်းစေရန်အတွက် ထုတ်ပြန်ခဲ့သည့် ဥပဒေနှင့် ၂၅၅၉ ခုနှစ် ထုတ်ပြန်ခဲ့သည့် နိုင်ငံတွင်း အလုပ်ရှင်နှင့် အလုပ်လုပ်ရန် နိုင်ငံခြားသားကို အလုပ်ခန့်အပ်ရေး အက် ဥပေဒများကို အလုပ်ရှင်နှင့် နိုငှုံခြားသား အလုပ်သမားများကို အဆင်ပြစေရန် ကာကွယ်စောင့်ရှောင်ခြင်း၊ ဥပဒေ ချိုးဖောက်သော အလုပ်ရှင်များကို ပြစ်ဒဏ်တိုးမြှင့်ခြင်းနှင့်အတူ အလု်ပသမားဆိုင်ရာ လူကုန်ကူးမှုကို ကာကွယ်ရန် အများ လူထုကို အတူပါဝင်စေခြင်းကို အရေးထားပြီး ၄င်ဥပဒေ နှစ်ရပ်ကို တစ်ခုတည်း ဖြစ်ရန် ပေါင်းစပ်ထားသည်ဟု သိရသည်။

နိုင်ငံခြားသား အလုပ်သမားများ၏ အလုပ်တာဝန်စီမံခန့်ခွဲရေး ဗုဒ္ဓသာသာနာနှစ် အက်ဥပဒေ စီမံချက်အရ နိုင်ငံခြားသား အလုပ်သမားများ အလုပ်လုပ်ကိုင်ခွင့်မရှိသော အလုပ်များတွင် နိုင်ငံခြားသား အလုပ်သမားကို အလုပ်ခန့်ခြင်း၊ အလုပ်လုပ်ခွင့် လက်မှတ်မရှိသော နိုင်ငံခြားသား အလုပ်သမားကို အလုပ်ခန့်ခြင်း၊ မိမိလုပ်ငန်းအတွက် လုပ်ခွင့်မရသော နိုင်ငံခြားသား အလုပ်သမားကို အလုပ်ခန့်ခြင်း စသည်တို့ကို ပြုလုပ်သူသည် အလုပ်ခန့်လိုက်သည့် နိုင်ငံခြားသား အလုပ်သမား တယောက်လျှင် ဒဏ်ကြေးငွေ ၄ သိန်းမှ ၈ သိန်းထိ အပြစ်ဒဏ်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံခြားသား အလုပ်သမားကို အလုပ်လုပ်ခွင့် လက်မှတ်တွင် ပါရှိသော သတ်မှတ်ချက်မှ အလုပ်အမျိုးအစားနှင့် မတူညီသော အလုပ်ကို လုပ်ခိုင်းသူည့် သူသည် နိုင်ငံခြားသား အလုပ်သမား တစ်ယောက်လျှင် ဘတ် ၄ သိန်း ထက် ပိုသော ဒဏ်ငွေနှင့် ညီသည့် အပြစ်ဒဏ်ရှိကြောင်း ပါရှိသည်။ အလုပ်လုပ်ခွင့်မရဘဲ အလုပ်လုပ်ခြင်း သို့မဟုတ် နိုင်ငံခြားသား အလုပ်သမားများကို တားမြစ်ထားသော  အလုပ်များကို လုပ်ခြင်းသည် နိုင်ငံခြားသားသည် ၅ နှစ် ထက်မပိုသော ဒဏ် သို့မဟုတ် ဘတ် ၂၀၀၀ မှ ၁၀၀၀၀ ထိ ကျခံရမည်ဟု ဖော်ပြထားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းဇယားအရ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်သူ ၄ သန်းခန့်ရှိရာမှ တရားဝင် အထောက်အထားရှိသူ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခန့်ရှိပြီး ကျန်အလုပ်သမားများသည် အထောက်အထားမရှိသူများ ရှိနေသည်ဟု သိရသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly