ပါကစ္စတန်တွင် ဗုံးပေါက်ကွဲမှုသုံးကြိမ်ထက်မနည်း ဖြစ်ပွားပြီး လူပေါင်း ၂၆ ဦးသေဆုံးကာ ၁၀၀ ဒဏ်ရာရ

ပါကစ္စတန်တွင် ဗုံးပေါက်ကွဲမှုသုံးကြိမ်ထက်မနည်း ဖြစ်ပွားပြီး လူပေါင်း ၂၆ ဦးသေဆုံးကာ ၁၀၀ ဒဏ်ရာရ

ဇွန် ၂၄ ။            ။ ပါကစ္စတန်နိုင်ငံရှိ အဓိကမြို့ကြီးနှစ်ခု၌ မွတ်ဆလင်ဥပုသ်လ ကာလ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်တို့က ဗုံးပေါက်ကွဲမှု သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရာ လူ ၂၆ ဦးသေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

နိုင်ငံရှိ Kurram ခရိုင် မြို့တော် Parachinar ရှိ ဈေးတစ်ခုတွင် ဇွန်လ ၂၃ ရက်က ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၁၃ ဦးသေဆုံးကာ ၁၂၄ ဦး ထိခိုက်ဒဏ်ရာခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။ အဆိုပါ ဈေးတွင် ဥပုသ်လကုန်ဆုံးမည့် ပွဲတစ်ခုအတွက် ပြင်ဆင်ရန် လိုအပ်သည့်ပစ္စည်း လာရောက်ဝယ်ခြမ်းသူများဖြင့် လူစည်ကားနေချိန် ပထမပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ကြောင်း   ဒေသတာဝန်ရှိသူ တစ်ဦးဖြစ်သည့် နက်စ်ရူလာခန်က ပြောသည်။

" ပေါက်ကွဲမှုဖြစ်ဖြစ်ချင်း ဒဏ်ရာရသူတွေကို လာကယ်ဖို့ လူတွေစုရုံးလာချိန်မှာပဲ နောက်ထပ် ထပ်ပြီးပေါက်ကွဲခဲ့တာပါ" ဟု ၎င်းက ဆိုသည်။

Parachinar မြို့ရှိ ယင်းပေါက်ကွဲမှုဖြစ်စဉ်များမတိုင်မီ အစောပိုင်းတစ်ရက်ကလည်း နိုင်ငံအနောက်တောင်ပိုင်း Quetta မြို့တွင်လည်း ရဲဌာနချုပ်တစ်ခုရှေ့ရှိ ရဲကားတစ်စီးကို ပစ်မှတ်ထားဖောက်ခွဲမှုဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင်လည်း သေဆုံးသူ ၁၃ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အုပ်စု၏ ပါကစ္စတန်အဖွဲ့ခွဲကရော၊ တာလီဘန်အဖွဲ့ခွဲ ကပါ ပြိုင်တူ ထုတ်ပြန်ခဲ့ကြသည်။

လက်ရှိ မွတ်ဆလင် ဥပုသ်လအတွင်း ပေါ်ပေါက်ခဲ့သော တိုက်ခိုက်မှုဖြစ်စဉ်များအပေါ် ပါကစ္စတန်ဝန်ကြီးချုပ် နာဝက်ဇ်ရှာရစ်က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချသွားပြီး နိုင်ငံတစ်ဝှမ်း လုံခြုံရေးတိုးမြှင့်သွားရေး ပြောကြားခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly