ဗုံလုံသီးအစာသွပ်

မင်္ဂလာပါ ။

ဒီတစ်ပတ်တော့ ဗုံလုံသီးအစာသွပ် ဟင်းလေး ချက်စားကြရအောင်။အခု အစာသွပ်ဖို့တော့ ဝက်သားကို သုံးထားပေမယ့် ပုဇွန် ၊ ကြက်သား၊  အမဲသား နှစ်သက်ရာ အသားကို အသုံးပြုနိုင်ပါတယ်။ ဗုံလုံသီး ၊ ပဲလင်းမြွေသီး ၊ ပဲတောင့်ရှည်သီး ဆိုပြီး ဒေသအလိုက် အခေါ်အဝေါ်ကွဲပြားတဲ့ အသီးပါ။  အရသာက ချိုတာမို့ အသားနဲ့ အစာသွပ်တဲ့အခါ အိမ်သားတွေ အကြိုက် ဟင်းတစ်ခွက် ဖန်တီးနိုင်မှာပါ ။

ဟင်းချက်ဖို့ လို အပ်တာတွေကတော့

ဗုံလုံသီး ၁တောင့်( အနေတော်လှီးဖြတ်ပြီး အထဲက အူတိုင်တွေ အစေ့တွေ ဖယ်ထုတ်ထားပါ)

ဝက်သား  ၂၀သား( နုတ်နုတ်စင်း ဒါမှမဟုတ် ကြိတ်စက်နဲ့ ကြိတ်ပြီး ဆား ဆနွင်း အရသာနယ် နှပ်ထားပါ)

ကြက်သွန်နီ အနည်းငယ်

ကြက်သွန်ဖြူ အနည်းငယ်

ငရုတ်သီး အပုမှုန့် အနည်းငယ်

ဆီ ၅ကျပ်သားခန့် လိုအပ်ပါတယ်။

ကြက်သွန်ဖြူနီ နဲ့ ငရုတ် အပုမှုန့်ကို ညက်နေအောင် ထောင်းထားပါ။ အသားကြိတ်ထားတာကို အသီးထဲ အစာသွပ်ပါ။အရမ်းအပြည့်ကြီး မထည့်ရပါဘူး ။ ချက်တဲ့အခါ ကွဲထွက်သွားတတ်ပါတယ်။

အိုးထဲကို ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူနီ နဲ့ ငရုတ် အပုမှုန့်ကို ညက်နေအောင်ထောင်းထားတာကို ဆီသတ်ပါ။

ဆီသတ်ထားတာ မွှေးလာရင်တော့ အစာသွပ်ထားတဲ့ အသီးကို ထည့်ပါ။ဆီနဲ့ပဲ အသီးအိ ပြီး အရသာဝင်သွားအောင် အဖုံးအုပ်ပြီး အရင် ချက်ပါ။ အရသာ အတွက် ဆားအနည်းငယ်ထည့်ပေးပါ။

၅မိနစ်လောက် ချက်ပြီး အသီးက ဆီလေးအိပြီး နွမ်းသွားပြီဆိုမှ ရေမြှုပ်အောင်ထည့်ပြီး မီးအေးအေးနဲ့ ချက်ပါ။ အိုးမကပ်အောင် ဂရုစိုက်ပါ။

ရေခမ်းပြီး ဆီပြန်လာပြီ ဆိုရင်တော့ ဗုံလုံသီး အစာသွပ်ဟင်းလေး ရပါပြီ။ ချိုအီအီဟင်းတစ်ခွက်မို့ အစပ်မစားတဲ့ အိမ်သားတွေအကြိုက် ဟင်းတစ်ခွက် ဖြစ်စေမှာပါ။

အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly