လိုင်ယွန်တိုက်စစ်မှူးလာကာဇက်တီကို ပေါင် ၄၄ သန်းဖြင့်ခေါ်နိုင်မည်ဟု အာစင်ဝင်းဂါးယုံကြည်

လိုင်ယွန်တိုက်စစ်မှူးလာကာဇက်တီကို ပေါင် ၄၄ သန်းဖြင့်ခေါ်နိုင်မည်ဟု အာစင်ဝင်းဂါးယုံကြည်

ဇွန် ၂၄၊ လန်ဒန်။        ။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို ပေါင် ၄၄ သန်းဖြင့်ခေါ်ယူနိုင်မည်ဟု ယုံကြည် နေသည်။

အာဆင်နယ်နည်းပြအနေဖြင့် ပြင်သစ်တိုက်စစ်မှူးကို လာမည့်တစ်ပတ် စောနိုင်သမျှ အစောဆုံး ရက်တွင် အမ်းမရိတ်စ်သို့ ရောက်လာအောင် ခေါ်ယူနိုင်မည်ဟု ယုံကြည်နေခြင်းဖြစ်သည်။

ယင်းပြောင်းရွှေ့ကြေးပမာဏမှာ ၂၀၁၃ တွင် အိုဇေးလ်ကိုပေးခဲ့ရသည့် ပေါင် ၄၂ ဒသမ ၅ သန်းထက် ကျော်လွန်သွားမည် ဖြစ်သည်။ ထို့ပြင်အာဆင်နယ်နည်းပြအနေဖြင့် အပြောင်းအရွှေ့   ဈေးကွက်အတွင်း လှုပ်ရှားသည်ဆိုသော သဘောလည်းဆောင် မည်ဖြစ်သည်။

မိုနာကိုတိုက်စစ်မှူး အမ်ဘက်ပီနောက်ကိုလည်းလိုက်နေသည့် အာစင်ဝင်းဂါးအနေဖြင့် ယမန်နှစ်က အဆင့် ၅ သာရခဲ့သည့် အာဆင်နယ်အသင်းကို ဆုဖလားစိန်ခေါ်နိုင်သည့်အသင်းပြန်ဖြစ်လာစေရန် ဆုံးဖြတ်ထားသည်။

အသက် ၂၆ နှစ်အရွယ်လာကာဇက်တီသည် ပြင်သစ်လိဂ်တွင် ၂၀၃ ပွဲကစားပြီး ဂိုး ၁၀၀ သွင်းယူထားသည်။ ၎င်းကိုလွန်ခဲ့သည့် တစ်နှစ်က ဝက်စ်ဟမ်းကလည်းစိတ်ဝင်စားခဲ့ဖူးသည်။

လိုင်ယွန်အသင်းအနေဖြင့် လာကာဇက်တီမရှိလျှင် အစားထိုးနိုင်ရန် ချယ်လ်ဆီးမှ ဘာထရန်ကို ပေါင် ၁၆ ဒသမ ၅ သန်း၊ ငါးနှစ် စာချုပ်ဖြင့် ခေါ်ယူထားပြီးဖြစ်သည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly