ကျောက်ဖြူတွင် အရက်အား အချိန်အကန့်သတ်ဖြင့် ရောင်းရန် သတိပေး

ကျောက်ဖြူတွင် အရက်အား အချိန်အကန့်သတ်ဖြင့် ရောင်းရန် သတိပေး

စစ်တွေ၊ ဇွန် ၂၄ ရက်။                  ။ လုယက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုများ မြင့်မားလာသဖြင့် ကျောက်ဖြူမြို့နယ်အတွင်း အရက်ရောင်းချမှုအား လိုင်စင်ပါ စည်းကမ်းများအတိုင်း သတ်မှတ်အချိန်၌သာ   ရောင်းချကြရန် မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်လိုက်သည်။

“အားလုံးသိတဲ့ အတိုင်းပဲ ရခိုင်ပြည်(နယ်)မှာက အရက်ဆိုင်တွေပဲ များတယ်။ အရက်သောက်ကြတယ်။ ရန်ဖြစ်ကြတယ်။ မူးရမ်းပြီးလုယက် ကြတယ်။ အဲဒါတွေ ခဏခဏဖြစ်ပေါ်နေတဲ့အတွက်ကြောင့် လုပ်ရတာပါ” ဟု ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောသည်။

အဆိုပါ သတိပေးချက်အား ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အရက်ရောင်းချခွင့် လိုင်စင် အမျိုးအစားအပေါ် မူတည်၍ အချိန်ကွာခြားမှုများ ရှိနေမည်ဖြစ်သည်။

 “သတ်မှတ်ထားချက်ကတော့ ကျွန်တော်တို့ သတ်မှတ်တာ မဟုတ်ပါဘူး။ လိုင်စင် စည်းကမ်းချက်တွေမှာ ပါပြီးသားပါ။ အဲဒါတွေကို အသိပေး လိုက်ခြင်းပဲဖြစ်ပါတယ်။ အရက်ဆိုင်တွေကိုလည်း ပိတ်တာမဟုတ်ပါဘူး။ အစကတည်းကနေ လူတွေသိပြီးသားပါ။ အဲဒါကို ပိုသိအောင်လို့ ကျွန်တော်တို့မှာ တာဝန်ရှိတဲ့အတွက် အသိပေးလိုက်တာပါ” ဟု ဦးရွှေလှအောင်က ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း လွန်ခဲ့သော သုံးလခန့်မှစတင်ကာ မှုခင်းဖြစ်ပွားမှု မြင့်မားလာပြီး အများစုမှာ အရက်သောက်ထားသူများ ဖြစ်သည်ဟု မြို့နယ်အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာနမှ   ပြောကြားခဲ့သော်လည်း ပြစ်မှုဆိုင်ရာမှုခင်းအရေအတွက်နှင့် လွန်ခဲ့သော သုံးလမတိုင်မီ မြို့နယ်၏ မှုခင်းဆိုင်ရာအခြေအနေများ၏ နှိုင်းယှဉ်ချက်များ အသေးစိတ်ကိုမူ ရှင်းလင်းပြောကြားနိုင်ခဲ့ခြင်း မရှိချေ။

ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သော အဆိုပါ သတိပေးစာအရ သတ်မှတ်လိုင်စင် အမျိုးစားပေါ် (လိုင်စင်အမျိုးအစားပေါ်မူတည်ပြီး ညနေပိုင်း ၆ နာရီ၊ ၇ နာရီထိ၊ ဟိုတည်များ ဆိုလျင် ည ၁၀ နာရီ ထိစသည်ဖြင့်) မူတည်၍ ညနေ ၆ နာရီ နောက်ဆုံးထား၍ အရက် ရောင်းချခွင့်မပြုကြောင်းနှင့် လိုက်နာမှုမရှိပါက လိုင်စင်ရုပ်သိမ်းပြီး ဆိုင်ပိတ်သိမ်းသွားသည် အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly