ကျောက်ဖြူ SEZ အတွက် လျာထားသည့် လယ်တစ်ဧကလျှင် ကျပ်သိန်း ၉၀၀ ပေးရန် တောင်းဆို

ကျောက်ဖြူ SEZ အတွက် လျာထားသည့် လယ်တစ်ဧကလျှင် ကျပ်သိန်း ၉၀၀ ပေးရန် တောင်းဆို
ဓာတ်ပုံ -  ဒေသဈေးသို့ ရောင်းချမည့် ပုစွန်များအား  ရွေးချယ်ကောက်ယူနေသည့် ကျောက်ဖြူဒေသခံအမျိုးသမီးတစ်ဦး။

စစ်တွေ၊ ဇွန်လ ၂၄ ရက်။         ။ ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေးတွင် ပါဝင်သည့် လျာထားမြေများအတွက် တစ်ဧကလျှင် ကျပ်သိန်း ၉၀၀ အထိ ပေးရမည်ဖြစ်ကြောင်း လယ်မြေပိုင်ရှင်များက တင်ပြခဲ့သည်ဟု ကျောက်ဖြူမြို့နယ်အုပ်ချူပ်ရေးမှူး ဦးရွှေလှအောင်က ပြောသည်။

“လယ်သမားတွေကတော့ လယ်မြေတစ်ဧကကို သိန်း(၉၀၀)၊ နွားစားကျက်မြေတွေ တစ်ဧကကို သိန်း(၅၀၀)၊ ဥယာဉ်မြေတစ်ဧကို သိန်း(၇၀၀)ပေးဖို့   တောင်းဆိုခဲ့ကြပါတယ်။   ကျောက်ဖြူအထူးစီးပွားရေးဇုန်က  တာဝန်ရှိသူတွေက လယ်သမားတို့ တောင်းဆိုတာတွေကို မှတ်ယူပြီး အထက်က ပြည်နယ်အစိုးရအဖွဲ့တွေကို တင်ပြရဦးမယ်ဆိုပြီးတော့ ပြောသွားပါတယ်” ဟု ဦးရွှေလှအောင်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် မြေဧက ၅၀၀၀ ခန့် အသုံးပြုရန် လျာထားသည့်အနက် မြေဧက ၂၅၀ ကို စတင် အကောင်ထည်ဖော်ရန်   ပြင်ဆင်လျက်ရှိရာ   မြေပိုင်ရှင်များနှင့်   ကျောက်ဖြူအထူးစီးပွားရေးဇုန် တာဝန်ရှိသူများကြား ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ရာတွင် ယင်းသို့ တောင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ကနဦး စတင်အကောင်ထည်ဖော်မည့် လျာထားမြေဧက ၂၅၀ မှာ ကျောက်ဖြူမြို့၏ တောင်ဖက် ၁၀ မိုင်ကျော်ခန့် အကွာတွင် တည်ရှိပြီး မင်းတပ်တောင်၊ သိုင်းချောင်း၊ ကပ်သပြေ၊ ကန္ဒီးနှင့် ချောင်းဝ စသည့် ကျေးရွာအုပ်စုတို့မှ လယ်သမား ၆၃ ဦးက ပိုင်ဆိုင်ကြောင်း သိရသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည့် ကိစ္စများနှင့်ပတ်သက်၍ ဒေသခံ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက စိုးရိမ်မှုများ ရှိနေပြီး အထူးစီးပွားရေးဇုန်အား ဆိုင်းငံ့ထားသင့်ကြောင်းလည်း ထောက်ပြမှုများ ရှိနေကြသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly