လန်ဒန်တွင် မီးဘေးအန္တရာယ် စိတ်မချရသည့် အဆောက်အအုံငါးလုံး၌ နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းထား

လန်ဒန်တွင် မီးဘေးအန္တရာယ် စိတ်မချရသည့် အဆောက်အအုံငါးလုံး၌ နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းထား

ဇွန် ၂၄ ။                ။ လန်ဒန်တွင် မီးဘေးအန္တရာယ် စိုးရိမ်ရသည့် အထပ်မြင့်အဆောက်အအုံငါးလုံး၌ နေထိုင်သူများကို ဒေသအာဏာပိုင်များက ဇွန်လ ၂၄ ရက်တွင် ဘေးလွတ်ရာသို့ ကမန်းကတန်းရွှေ့ပြောင်းခိုင်းထားကြောင်း သိရသည်။

ယခုအခါ လန်ဒန်ရှိ Chalcots Estate နယ်မြေရှိ တိုက်ခန်းပေါင်း ၈၀၀ ခန့်တွင် နေထိုင်သူများအား မီးအန္တရာယ်စိတ်မချရသည့် ၎င်းတို့နေထိုင်ရာ အဆောက်အအုံများကို အလျင်အမြန် စွန့်ခွာကြရန် တာဝန်ရှိသူများက လိုက်လံနှိုးဆော်နေလျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အဆိုးရွားဆုံးသော မီးလောင်မှုကြီးတစ်ခုဖြစ်ခဲ့သည့် Grenfell Tower ဖြစ်စဉ်နောက်ပိုင်း ယခုကဲ့သို့ မြို့တွင်းရှိ အခြားသော အထပ်မြင့်အဆောက်အအုံများကိုလည်း မီးဘေးအန္တရာယ် နှင့်ပတ်သက်၍ အားချင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးခဲ့ရာတွင် ယခု ပြောင်းရွှေ့ခိုင်းထားသော အဆောက်အအုံငါးလုံးတွင် နံရံကပ် အကာမှာ မီးလောင်သွားခဲ့သော Grenfell  တာဝါတွင် သုံးထားသည်နှင့် တူညီနေသောကြောင့် တာဝန်ရှိသူများက အားချင်း ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ Grenfell  တာဝါမီးလောင်မှုဖြစ်စဉ်တွင် အဆိုပါ နံရံအကာများကို အဓိကပြစ်ချက်တစ်ခုအဖြစ် ကောက်ချက်ချထားခြင်းဖြစ်သည်။

"Grenfell မီးလောင်မှုက အားလုံးကို ပြောင်းလဲစေခဲ့ပါပြီ၊ ဒါမျိုး နောက်ထပ် ထပ်ဖြစ်လာမှာမဟုတ်ဘူးလို့ ကျွန်တော်တို့ စိတ်ချလက်ချ မထားရတော့ပါဘူး၊ အဲဒီလို မီးအန္တရာယ်စိုးရိမ်ရတဲ့ အဆောက်အအုံတွေမှာ နေနေကြသူတွေအတွက်လည်း ဒီတိုင်းဆက်နေခိုင်းဖို့ မဖြစ်နိုင်တော့ပါဘူး၊ ဒါကြောင့် ခုလို သက်ဆိုင်ရာမီးသတ်ဌာနနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်နေတာပါ" ဟု Camden ခရိုင်ကောင်စီအဖွဲ့ခေါင်းဆောင် ဂျော့ဂျီယာ ဂေါက်ဒ် က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly