ပုသိမ်အောင်သီရိစျေးတွင် ရောင်းချသော ပဲသွေးတွင် ဖော်မလင်တွေ့

ပုသိမ်အောင်သီရိစျေးတွင် ရောင်းချသော ပဲသွေးတွင် ဖော်မလင်တွေ့
ဓာတ်ပုံ - ရဲနိုင် (လောက်ကိုင်)

ပုသိမ်၊ ဇွန် ၂၄ ။                   ။ ပုသိမ်မြို့၊အောင်သီရိဈေးတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့မှ စစ်ဆေးရာ ပဲသွေးများတွင် ဖော်မလင် ပါဝင်နေကြောင်း တွေ့ရှိရသည့်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနက တာဝန်ရှိသူများက ပြောသည်။

"ဈေးကွက်နမူနာ ကောက်လိုက်တဲ့အခါမှာ ပဲသွေးနမူနာတစ်ခုမှာ ဖော်မလင်တွေ့တယ်။ ရောင်းတဲ့ ဆိုင်ရှင်ကိုမေးတော့ လိပ်စာတစ်ခုပေးတယ်။ ရောက်သွားတဲ့အခါမှာ မီးဖိုတစ်ခု တွေ့တယ်။ ပဲသွေးကို ဒီရက်ပိုင်းမှာ ထုတ်တယ်လို့ ယူဆတယ်။ မေးတဲ့အခါ ပဲသွေးကို ရန်ကုန်က ဝယ်တယ်လို့ ပြောတယ်။ ရန်ကုန်လိပ်စာတောင်းတော့ မပေးနိုင်ဘူး။ ဖော်မလင် ဆိုးကျိုးတွေပြောခဲ့တယ်။ ရှေရှည်လုပ်မယ်ဆို စားသုံးအတွက် အန္တရာယ်ဖြစ်နိုင်တာတွေ ။ တကယ်လို့ နောက်နေ့တွေမှာ ဈေးကွက်နမူနာကောက်လို ပဲသွေးမှာ ဖော်မလင်ပါမယ်ဆိုရင် ရောင်းတဲ့သူတွေက သူ့ဆီက ယူတာပါဆို ဖြစ်လာတဲ့ အကျိုးဆက်ကို သူတာဝန်ခံမယ်လို့ လုပ်ငန်းရှင်နဲ့ ပြောတယ်အချက်ပေါ့”ဟု လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာမျိုးထွန်းကျော်က ပြောသည်။

အဆိုပါ လုပ်ငန်းမှာ ရက်ပိုင်းအတွင်းဖော်မလင်ပါဝင်သော ဘဲသွေးကိုထုတ်လုပ်ခဲ့သည်ဟု ယူဆရပြီး ဖော်မလင်သုံးကိုသုံးကြောင်း ယူဆသည်ဟု အဆိုပါ အိမ်အထိသွားရောက်စစ်ဆေးသူက သုံးသပ်သည်။

“ပဲသွေးအတွင်းမှာ ဖော်မလင်တွေ သုံးခဲ့ဖူးပါတယ် ၊ သူကိုယ်တိုင်ထုတ်တုန်းက သုံးခဲ့ဖူးပါတယ်ဆိုတဲ့ စကားမျိုးလည်းသူဆီကထွက်လာတယ်။  သူသည် ဖော်မလင် သုံးကိုသုံးနေတယ်လို့ ယူဆပါတယ်” ဟု အိမ်အထိ သွားရောက်စစ်ဆေးသူ လက်ထောက်ညွန်ကြားရေးမှူးဒေါက်တာမျိုးထွန်းကျော်က ပြောသည်။

ထိုသို့ ဈေးကွက် နမူနာကောက်ရာတွင် ပဲပြား၊ မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲဖတ်၊ ပဲသွေးများကို ဖော်မလင်အသုံးပြုမှုစစ်ဆေးရာတွင် အများဆုံးစစ်ဆေးပြီး ရက်ပိုင်းအတွင်း မန္တလေးရှိ ပဲပြားစက်ရုံ ၂ ရုံတွင် ဖော်မလင်အသုံးပြုမှု တွေ့ရှိခဲ့သေးသည်။

ဖော်မလင်သည် တာရှည်ခံစေရန် အသုံးပြုသော ဓာတုပစ္စည်းဖြစ်ပြီး CH₂O မှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ဖော်မလင်သည် ပစ္စည်းများကို ကြာရှည်လာပါက ပျက်စီးမှုကို တိုက်ဖျက်ပေးသော်လည်း လူများ စားသုံးမိပါက လူ့ခန္ဓာကိုယ်တွင်းကို ဒုက္ခပေးနိုင်သည်။ ယင်း ဖော်မလင်သည် ကြည်လင်ပြီး အရောင်မရှိသောကြောင့် ခွဲခြားနိုင်ရန် ခက်ခဲကာ အစားအသောက်၊ အသားငါး၊ သစ်သီး၊ နို့ထွက်ပစ္စည်းများတွင် အသုံးပြုမှု အများဆုံးတွေ့ရသည်။

“ ပဲပြား၊ ကြက်သွေးခဲ၊ ဘဲသွေးခဲ၊ ပဲသွေးဆိုတာ အရပ်အခေါ်ပါ။ ခေါက်ဆွဲဖတ်၊ မုန့်ဟင်းခါးဖတ်တွေကို နမူနာကောက်ကြောင်း၊ ပုပ်သိုးပျက်စီးလွယ်တဲ့ပစ္စည်း ကြာရှည်ခံအောင် သုံးခွင့်ရှိတဲ့ပစ္စည်းရှိတယ်။ သုံးခွင့်ရှိတဲ့ဆေးကို မသုံးဘဲ အလေ့အထမရှိတဲ့ ဖော်မလင်းဆိုတဲ့ပစ္စည်းကိုသုံးတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးတာဝန်ခံဒေါက်တာပြည့်ဖြိုးက ပြောသည်။

ဖော်မလင်ပါဝင်ကြောင်း တွေ့ရှိပါက ချက်ချင်းသိမ်းဆည်းပြီး လုပ်ငန်းအများစုမှာ ကိုယ်တိုင်ထုတ်လုပ်ခြင်း မရှိဘဲ တဆင့်ပြန်လည်ရောင်းချခြင်းဖြစ်သည်ဟု သိရသည်။

“ ဖော်မလင် ပါ မပါ ကို တစ်ခါထဲ စစ်တယ် ။ တွေ့တဲ့ဆိုရင် ကုန်ပစ္စည်းဟာ အများပြည်သူစားသုံးဖို့ လုံးဝမသင့်တော်တဲ့ ပစ္စည်းဖြစ်တဲ့ဆိုတော့ တစ်ခါတည်းသိမ်းတယ်။ ရောင်းတဲ့ဆိုင်ကို ဘယ်က ဝယ်တာလည်းမေးတယ်။ အများစုက သူတို့လုပ်တာမဟုတ်ဘူး။  တချို့က အချက်အလက်ပြောချင်တဲ့ တချို့ကမပြောချင်ဘူး။ သူတို့မှာ တာဝန်ရှိတဲ့၊ထုတ်လုပ်တဲ့နေရာ လက်ကားဖြန့်တဲ့နေရာကို ချက်ခြင်းလိုက်တယ် အဲဒီမှာပဲလိုအပ်ရင် လုပ်ငန်းကိုပိတ်သိမ်းဖို့ သက်ဆိုင်ရာဌာနဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်” ဟု ဒေါက်တာပြည့်ဖြိုးက ပြောသည်။

လက်ရှိတွင် တစ်ပတ်လျှင်  ဈေး ၂ ဈေးခန့် စစ်ဆေးသွားမည်ဟု သိရပြီး တပတ်လျှင် တစ်ကြိမ်နှုန်း စစ်ဆေးသွားမည် ဟု သိရသည်။

နမူနာအဖြစ်  ဈေးကွက်ကောက်ယူရာတွင် အမျိုးအစားစုံအောင် ကောက်ယူခဲ့သော်လည်း တချို့ဟာတွေက ချက်ခြင်းစစ်နိုင်တဲ့၊တချို့ဟာတွေက ချက်ခြင်းမစစ်နိုင်ဘူး ဟု တိုင်းတာဝန်ခံ ဒေါက်တာပြည့်ဖြိုးက ဈေးကွက်နမူနာကောက်ယူပြီး စစ်ဆေးမှုအားပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly