ပုပ္ပါးသို့ ခရီးနှင်ခြင်း

24 June 2017
ပုပ္ပါးသို့ ခရီးနှင်ခြင်း

ဒီနေရာကတော့ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသမှာရှိတဲ့ စိမ်းလန်းလှပတဲ့ ဒေသတစ်ခုရဲ့ အစပဲဖြစ်ပါတယ်။ ဒီနေရာကတော့ ပုပ္ပါးတောင်ကလပ်ကြီးပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ Tasty Trip အဖွဲ့သားတွေက ပုပ္ပါးတောင်ကလပ်ကို ဦးတည်နေပါတယ်။

ပုပ္ပါးတောင်ဒေသရဲ့ ထူးခြားမှုဟ ာအပူပိုင်းဒေသအတွင်း စိမ်းညှိ့ုလှပနေတဲ့ ရှုခင်းတွေဖြစ်ပါတယ်။ ဒါက အပေါ်ယံလောက်သာ ကျွန်မ တွေ့မြင်မိတဲ့အကြောင်းသာဖြစ်ပြီး ထူးခြားနက်နဲလှတဲ့ အတိတ်ဖြစ်စဉ်တွေက ကျယ်ပြန့်လှပါတယ်။

ရှေးခေတ် ရိုးရာကိုးကွယ်ယုံကြည်မှုတွေ၊ ဒဏ္ဍာရီဇာတ်လမ်းတွေနဲ့ ကမ္ဘာမြေရဲ့ ထူးခြားတဲ့ ဘူမိဗေဒဖြစ်စဉ်တွေက ပုပ္ပားဒေသကို ထင်ရှားစေခဲ့တာဖြစ်ပါတယ်။ဒါကြောင့် ပုပ္ပားလို့ ဆိုလိုက်ရင် မြန်မာတွေသာမကကမ္ဘာကပါ သိနေကြပါပြီ။ ဘာတွေကြောင့် ပုပ္ပားဒေသဟာထင်ရှားနေရသလဲ ။  ကျွန်မတို့ Tasty Trip တီဗွီအစီအစဉ်ကဒီအရာတွေကိုရှာဖွေပေးဖို့  အခုပုပ္ပါးဒေသမှာ ခရီးသွားနေပါပြီ။

ပုပ္ပါးတောင်ဟာ မန္တလေးတိုင်းကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာရှိနေပါတယ်။ မန္တလေးမြို့ရဲ့ အနောက်တောင်ဘက်ဆီမှာရှိနေပြီး ကားနဲ့ ၄ နာရီလောက် ခရီးနှင်ရမှာဖြစ်ပါတယ်။ ပုပ္ပါးဒေသကို သွားနိုင်တဲ့ ခရီးလမ်းကြောင်းတွေ အများအပြားရှိပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသက ထင်ရှားတဲ့ မြို့တွေဖြစ်တဲ့ မတ္ထီလာ၊ ရေနံချောင်း၊ ပခုက္ကူ၊ မြင်းခြံနဲ့ ပုဂံညောင်ဦး စတဲ့မြို့တွေ ပတ်ပတ်လည် ဝန်းရံထားတာကြောင့် အဲဒီမြို့တွေကနေတဆင့် အလွယ်ကူသွားရောက်နိုင်တဲ့ ဒေသဖြစ်ပါတယ်။

မီးငြိမ်းတောင်အဖြစ် ထင်ရှားတဲ့ ပုပ္ပါးဟာ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသမှာတော့ စိမ်းမြလှပနေတဲ့ တောအုပ်တွေနဲ့ သာယာလှပနေပါတယ်။ အညာဒေသရဲ့ ပဲ နှမ်း ပြောင်းဖူး နေကြာစိုက်ခင်းတွေကြားမှာ ထီးထီးကြီး ထိုးထွက်နေပါတယ်။ မိုးတွင်းကာလဖြစ်တာကြောင့် တောင်ခြေတဝိုက်မှာတော့ ဒဟတ်ပင်တွေ ပျဉ်းကတိုးပင်တွေကစိမ်းညို့နေပါတယ်။

ပုပ္ပားတောင်ဟာ ကျောက်ပန်းတောင်းမြို့အနီးမှာရှိပြီး မြို့ရဲ့ အရှေ့မြောက်ဘက် ၁၀ မိုင်အကွာမှာ ဖြစ်ပါတယ်။ အခုဆိုရင် ကျောက်ပန်းတောင်းမြို့ကိုတော့ ရောက်လာပါပြီ။ ကျောက်ပန်းတောင်းမြို့ဟာ ထန်းလျက် (ထညက်) အများအပြားထွက်ရှိရာဒေသအဖြစ် ထင်ရှားပါတယ်။ အခုချိန်မှာတော့ ထန်းလျက်အပြင် မန်ကျည်းသီးအမြောက်အများ ထုတ်လုပ်တင်ပို့တဲ့ မြို့တစ်မြို့လည်း ဖြစ်နေပါတယ်။ ဒီတော့ ကျောက်ပန်းတောင်းရောက်ရင် ထန်းနဲ့ မန်ကျည်းဟာ မြို့ရဲ့ အဓိကလုပ်ငန်းတွေအဖြစ် တွေ့ရမှာဖြစ်ပါတယ်။ ကောက်ပဲသီးနှံ စိုက်ပျိုးတဲ့လုပ်ငန်းတွေအပြင် ထန်းတောင်သူလုပ်ငန်းကလည်းကျောက်ပန်းတောင်းမြို့ရဲ့ သင်္ကေတတခု ဖြစ်ပါတယ်။

မိုးဦးစောပြီးရာသီဥတုကောင်းခဲ့ရင်တော့ ကျောက်ပန်းတောင်းတနယ်လုံးရဲ့ မန်းကျည်းထုတ်လုပ်အား က ပိသာချိန် သိန်း ၇၀ လောက်ထိ ထွက်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မန်ကျည်းအထွက်ကောင်းပြီဆိုရင်တော့ ပိသာချိန် သိန်း ၃၀၀ လောက်ထိ ထွက်ပြီးဒီလိုထွက်လာတဲ့ မန်ကျည်းသီးတွေကို ပြည်တွင်းစားသုံးတာအပြင် ပြည်ပထိ တင်ပို့ကြပါတယ်။ ပါကစ္စတန်နဲ့ မလေးရှားနိုင်ငံတွေကအဓိက ဝယ်လက်တွေဖြစ်ပါတယ်။

ကျောက်ပန်းတောင်းထွက် မန်ကျည်းနဲ့ ထန်းလျက်တွေဟာ ထူးခြားတဲ့ ဒေသရိုးရာ ထုပ်ပိုးပုံလေးကို လည်း တွေ့ရမှာပါ။ ကျွန်မတို့အခု ကျောက်ပန်းတောင်းက မန်ကျည်းလုပ်ငန်း အကြောင်းကို လေ့လာကြပါမယ်။

ဒီပွဲရုံက အန်တီကို မေးကြည့်တဲ့အခါမှာ ဒီဒေသမှာ အဓိက ဘာတွေထွက်တယ် ပြီးတော့ ဒီပွဲရုံက အဓိက ဘာတွေထွက်လဲဆိုတော့ မန်ကျည်းသီးနဲ့ ထန်းလျက်( ထညက်)ကို အဓိက ထွက်ကုန်အဖြစ် တင်ပို့ပါတယ်တဲ့။

ကျောက်ပန်းရဲ့ နောက်ထပ် ထင်ရှားတဲ့ထွက်ကုန်က အစောကပြောခဲ့ပြီးသလို ထန်းလျက်(ထညက်) ဖြစ်ပါတယ်။ ထညက်ဟာ နှစ်စဉ် ဧပြီလကနေစက်တင်ဘာလအထိ ၆ လလောက် ထညက် ထွက်ပါတယ်။ အဲဒီအချိန်ရောက် ထန်းတက်တောင်သူတွေ အလုပ်များချိန်လည်း ဖြစ်ပါတယ်။

ထန်းလျက် ထွက်ရှိရာဒေသအဖြစ် ထင်ရှားတဲ့ ကျောက်ပန်းတောင်းဟာအခုတော့ ထန်းတက်တောင်သူတွေလည်း ပိုနည်းလာခဲ့ပါပြီ။ ဝင်ငွေနည်းလို့ဖြစ်ပါတယ်။ ဒီတော့ ဒီလုပ်ငန်းခွင်ထဲမှာ ရှိမနေတော့ဘဲ ပြည်ပနိုင်ငံတွေဆီ ထွက်ခါ အလုပ်လုပ်ကြတဲ့အကြောင်း ကျွန်မ သိလာရပါတယ်။

အခုဆိုရင် ကျောက်ပန်းတောင်းမြို့အနီး ၂ ကျပ်ခွဲရွာမှာရှိတဲ့ ထန်းတောထဲကို ကျွန်မ ရောက်နေပါတယ်။ ဒီနေရာဟာသာယာလှပတဲ့ပပုံတွေကို ကျွန်မ ပြောမပြတတ်အောင် ပြည့်စုံနေပါတယ်။ သဘာဝက လှပသလိုစိတ်ထားဖြူစင်တဲ့ ရွာသူရွာသားတွေရဲ့ လူနေမှုဘ၀ ပုံစံတွေကလည်း အတော့ကို ရိုးရှင်းလှပါတယ်။

ထန်းပင်ကြီးတွေကယာစိုက်ခင်းတွေရဲ့ ကန်သင်းရိုးဘောင်တွေပေါ်မှာအတန်းလိုက် စိုက်ထားပါတယ်။ ထန်းတပင်အရွယ်ရောက်လာဖို့ဆိုတာ လူ့သက်တမ်း တခုထက်တောင် ပိုပြီး ကြာပါတယ်။ ဒီဒေသက အဖိုးအဖွားတွေ စိုက်ပျိုးခဲ့ကြတဲ့ ထန်းပင်ကြီးတွေဟာ သဘာဝရဲ့ အလှတွေအပြင် အညာဒေသရဲ့ မရှိမဖြစ် မှီခိုအားထားစရာအပင်ကြီးတွေလည်း ဖြစ်ကြပါတယ်။

ဒီရွာလေးရဲ့ ထန်းတောင်သူလုပ်ငန်းက မိသားစုလိုက် ပါဝင်လုပ်ကိုင်ကြရပါတယ်။ အများအားဖြင့်တော့ အမျိုးသားတွေက ထန်းတက်ပြီးကလေးတွေနဲ့ အမျိုးသမီးတွေက ထန်းရေအိုးကောက်တာ ၊ ထန်းလျက်(ထညက်)ချက်တာတွေကိုလုပ်ကြပါတယ်။

ထန်းလျက်ချက်တဲ့လုပ်ငန်းဟာ မိသားစုလိုက်လုပ်ကြရသလို တကယ်လည်း အလုပ်များပါတယ်။ အခုတွေ့ရတာက ထန်းရေအိုးတွေကို မီးဖုတ်ပေးနေတာပါ။ အိုးကို ခြောက်သွေ့ သန့်ရှင်းနေဖို့ ဖြစ်ပါတယ်။

မြေအိုးကို ခါးမှာချိတ်ပြီး အမြင့်ဆီကိုတက်သွားတဲ့ ထန်းသမားတယောက်ကို တွေ့ရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒါဟာ သူ့တွက်တော့ နေ့စဉ် ဘဝထဲက မထူးခြားတော့တဲ့ ပုံမှန်အလုပ်တစ်ခုပါပဲ။

ထန်းပင်ပေါ်တက်မယ်။ ပြည့်နေတဲ့ ထန်းရေချိုအိုးတွေနေရာမှာ အိုးသစ် အစားထိုးမယ်။ ပြီးတော့ ထန်းနို့အညှာတိုင်ကို ဓါးနဲ့ ပါးပါးလှီးမယ် ။ တစ်စက်ချင်းထွက်ကျလာတဲ့ ထန်းရေတွေကို ခံယူကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ပင်တက် တစ်ပင်ဆင်း။ ဒါဟာ ထန်းသမားတစ်ယောက်ရဲ့ နေ့စဉ်အလုပ်တွေပဲ ဖြစ်ပါတယ်။

ထန်းပင်တွေကနေ သဘာဝအတိုင်း ထွက်လာတဲ့ ထန်းရေဟာ အချိုပါ။ အဲဒါကို အလင်းဖောက်လိုက်မှ လူကိုမူးစေတဲ့ ထန်းရေခါးခါး ဖြစ်လာတာပါ။ သဘာဝအတိုင်း ရလာတဲ့ ထန်းရေချိုဟာ မွှေးပျံ့နေပြီး အရသာရှိလှပါတယ်။ အဲဒီထန်းရေချိုကို မီးအေးအေးနဲ့ နွေးနွေးလေး ကြိုထားရင်တော့ ပိုပြီးထူးကဲတဲ့ ထန်းရေချိုအရသာကို ခံစားရမှာပါ။

ထန်းလျက်ချက်တဲ့ လုပ်ငန်းက ဈေးကောင်းရပြီး အကျိုးအမြတ်များတဲ့ လုပ်ငန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ မိရိုးဖလာရိုးရာလုပ်ငန်းလည်း ဖြစ်ပါတယ်။

အခု ကျွန်မတို့ ပုပ္ပားတောင်မကြီးရဲ့ မြောက်ဘက်ခြမ်းကို ရောက်နေတာပါ။ လမ်းဘေး ဝဲယာတစ်လျှောက်မှာတော့ ပြန့်ကျဲပြီး လှပနေတဲ့ ကျောက်တုံးတွေ အများကြီး တွေ့ရပါတယ်။ ဒီကျောက်တုံးကြီးတွေကတော့ ပုပ္ပားမီးတောင်ကြီး ပေါက်ကွဲတဲ့အချိန်တုန်းက ထွက်လာတဲ့ ချောရည်ကနေ ဖြစ်သွားတဲ့ ကျောက်တွေလို့ ထင်ပါတယ်။ အခုတော့ ဒီ ပုပ္ပားတောင်ကြီးရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ နဂါးလှည့်ဆိုတဲ့ ရွာကြီးကို သွားတော့မှာပါ။

ဒီနေရာ ဒီမြင်ကွင်းတွေက တကယ့်ကို ထူးခြားလှပနေတာကို  တွေ့ရမှာပါ။ ကျောက်တုံးကြီးတွေက ပတ်ဝန်းကျင်တစ်ခုလုံး ပြန့်ကျဲနေပြီးအဲဒီကြားထဲမှာတော့ သစ်ပင်တွေက ထိုးထွက် ပေါက်ရောက်နေကြပါတယ်။

ပုပ္ပားတောင်ခြေရဲ့ မြောက်ဘက်တစ်နေရာမှာ ဖြစ်ပါတယ်။ တောင်ခြေတလျှောက် မျက်စိတဆုံး ဒီမြင်ကွင်းတွေကို တွေ့ရမှာပါ။  ပုပ္ပါးမီးတောင်ကြီး ဘယ်အချိန်ကပေါက်ကွဲခဲ့သလဲဆိုတာတော့ တိကျတဲ့ အဖြေမထုတ်နိုင်ကြသေးပါဘူး။ ဒါပေမယ့် ခန့်မှန်းတွက်ချက်မှုတွေအရတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သိန်းငါးသောင်းကနေသုံးသိန်းကျော် ကာလအတွင်းက ဖြစ်ခဲ့လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ပုပ္ပါးတောင်ဟာထူးခြားတဲ့ သမိုင်းဖြစ်စဉ်တွေနဲ့ ဒီနေ့အချိန်ထိလေ့လာလို့ မကုန်ဆုံးနိုင်တဲ့နေရာကြီးဖြစ်ပါတယ်။

ဒါဟာတောင်မကြီးဖြစ်တယ် ။ အမြင့်ပေ ငါးထောင်နီးပါး ရှိပါတယ်။ ပုပ္ပားတောင်ဟာမိုးခေါင်ရေရှားဒေသမှာရှိနေပေမယ့် အမြဲတမ်းစိမ်းလမ်းနေတဲ့ နယ်မြေဖြစ်ပါတယ်။ သဘာဝအတိုင်း   ပေါက်ရောက်နေကြတဲ့ သစ်ပင် ပန်းပင်တွေ ပေါများသလို တောင်ခြေတဝိုက် မှီတင်းနေထိုင်ကြသူတွေအတွက်လည်း စိုက်ပျိုးမြေကောင်းမွန်တဲ့ ဒေသဖြစ်ပါတယ်။ အပူပိုင်းဒေသ ပုံမှန်စိုက်ပျိုးတဲ့သီးနှံတွေအပြင် သစ်သီးဝလံ အများအပြားလည်းစိုက်ပျိုးပါတယ်။

ကျွန်မတို့ လာခဲ့တဲ့လမ်းမှ ပုပ္ပါးတောင်မကြီးရဲ့ မြောက်ဘက်ကနေလက်ယာရစ် ခရီးဆက်လာခဲ့ကြတာပါ။ လမ်းတလျှောက်မှာတော့ စိုက်ခင်းတွေကိုပဲ အများစုတွေ့လာရပါတယ်။ အခုတော့ ဒေသခံတစ်ယောက်ပြောပြတဲ့ ထူးခြားတယ်ဆိုတဲ့ နေရာကိုသွားကြည့်ကြပါမယ်။ စိမ့်ရေထွက်ပေါက်နေရာတစ်ခုဖြစ်ပါတယ်။

ရာသီဥတုကတော့ အပြောင်းအလဲ အရမ်းမြန်ပါတယ်။ ခုနက နေအရမ်းပွင့်ပြီးတော့ အခု မိုးတွေအုံ့ပြီးတော့ မိုးဖွားလေးတွေ ကျလာပြီ။ ခရီးဆက်စရာလည်း ရှိသေးတဲ့အတွက် ခရီးဆက်လိုက်ပါဦးမယ်။

ဒီနေရာလေးကတော့ ပုပ္ပါးတောင်မကြီးရဲ့ အရှေ့မြောက်ခြမ်းမှာ ရှိနေတဲ့ စမ်းချောင်းလေးပါ။ ဒီ စမ်းချောင်းလေးကတော့ ဆင်ဈေးရွာနားမှာ ရှိပါတယ်။ ဒီရွာက ရွာခံတွေကတော့ ဆင်ဈေး   ရေထွက်လို့   ခေါ်ကြပါတယ်။ ဒီနားကနေ ဖြတ်သွားမယ်ဆိုရင်တော့ ဒီနေရာလေးက တကယ့်ကို မဖြစ်မနေ လာလည်သင့်တဲ့ နေရာလေးပါ။ အရမ်းကို လှပါတယ်။

ဒီနေရာက ဆရာတော်ဘုရားကြီးလက်ထပ်တုန်းက ဒီမှာ ရေအားလျှပ်စစ် လုပ်ဖို့အတွက် တမံတွေတုပ်ပြီးတော့ တည်ဆောက်ထားတယ်ပေါ့။ ဒါပေမယ့် အရမ်းကို မိုးတွေများတဲ့အခါမှာ ဒီရွာတွေရော ကုန်းပေါ်ကနေ ကျလာတဲ့ ရေတွေ အရမ်းများတော့ ဒီစမ်းချောင်းရေတွေ မဟုတ်ဘဲနဲ့ ရေအရမ်းများလာတော့ တမံကျိုးသွားပြီးတော့ နောက်ပိုင်း ရေအားလျှပ်စစ်ကို မထုတ်နိုင်တော့ဘူးတဲ့။

ကျွန်မတို့ ဦးတည်ပြီးလာခဲ့တဲ့ နဂါးလဲ့ရွာကိုတော့ ရောက်လာပါပြီ။ ဧည့်သည်အဖြစ် ရောက်လာတဲ့ ကျွန်မတို့တွေအတွက် အိမ်ရှင် ဦးလေးကြီးက ကိုယ်တိုင်ဟင်းချက်ဖို့ ပြင်ဆင်နေပါပြီ။ မီးဖိုဆောင်ထဲမှာတော့ မီးခိုးငွေ့တလူလူနဲ့ စိတ်ကြိုက်ချက်နေတာပါ။ မကြာခင်မှာတော့ ဒီအိမ်ကချက်ကျွေးတဲ့ညစာစားရင်းဘာဟင်းတွေလည်းဆိုတာ မြည်းစမ်းခွင့်ရတော့မှာဖြစ်ပါတယ်။ ဧည့်သည်လာရင် ထမင်းကျွေးလေ့ရှိကြတာဟာဒီဒေသရဲ့ ယဉ်ကျေးမှု အစဉ်အလာတခုလည်း ဖြစ်ပါတယ်။

ဒီရွာမှာက ကောက်ပဲသီးနှံနဲ့ သစ်သီးဝလံ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပါတယ်။ ရွာနီးတဝိုက်မှာ အများဆုံးတွေ့ရတာကတော့ နဂါးမောက်သီးစိုက်ခင်းတွေဖြစ်ကြပါတယ်။ ဈေးကွက်အခြေအနေအရ နဂါးမောက်ကို ဦးစားပေး စိုက်ပျိုးလာကြတယ်လို့လည်း ခြံရှင်တချို့က ပြောကြပါတယ်။

ဒီရွာမှာတော့ နဂါးမောက်စိုက်ပျိုးတာကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က စပြီး စိုက်ပျိုးလာကြတာပါ။ အခုဆိုရင် အဓိက စိုက်ပျိုးလာကြပါတယ်။ ဒီကနေထွက်တဲ့ နဂါးမောက်သီးတွေကို ရန်ကုန် မိတ္ထီလာကျောက်ပန်းတောင်းနဲ့ ပခုက္ကူမြို့တွေဆီ တင်ပို့ကြပါတယ်။

Mizzima Weekly