ကလေးစစ်သား အသုံးပြုသည့် နိုင်ငံများစာရင်းမှ မြန်မာကို ပယ်ဖျက်ရန် အမေရိကန်စီစဉ်

ကလေးစစ်သား အသုံးပြုသည့် နိုင်ငံများစာရင်းမှ မြန်မာကို ပယ်ဖျက်ရန် အမေရိကန်စီစဉ်

ဇွန် ၂၄ ။              ။ ကလေးစစ်သား အသုံးပြုသည့် နိုင်ငံများစာရင်းမှ မြန်မာနှင့်အီရတ်နိုင်ငံတို့ကို ဖယ်ရှားပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တီလာဆန်က စီစဉ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ထိုကဲ့သို့ ဖယ်ရှားခြင်းမပြုသေးရန် ဌာနတွင်း ပညာရှင်များနှင့် အကြီးတန်းသံတမန်များက ဝိုင်းဝန်းကန့်ကွက်ပြောဆိုနေသည်များကို လျစ်လျူရှုပြီး တီလာဆန်က ယခုကဲ့သို့ မြန်မာနှင့်အီရတ်ကို စာရင်းမှဖယ်ရှားရန် စီစဉ်နေခြင်း ဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်ကြောင့်လည်း ထရမ့်အစိုးရအနေဖြင့် လူ့အခွင့်အရေးထက် လုံခြုံရေးနှင့် သံတမန်အကျိုးအမြတ်ကိစ္စများကို ပိုမိုဦးစားပေးနေကြောင်း စွပ်စွဲခံလာနိုင်စရာလည်း ရှိနေကြောင်း သိရသည်။

ထိုကဲ့သို့ စာရင်းမှ မြန်မာနှင့် အီရတ်ကို ဖယ်ရှားခြင်းအပေါ် လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ပြီး ယခု ကဲ့သို့ ဆုံးဖြတ်ရန် အချိန်မတန်သေးကြောင်းနှင့် ယခုကဲ့သို့ ဖယ်ရှားခြင်းက ဆိုးရွားသည့် လုပ်ဆောင်ချက်တစ်ခုကို ကျူးလွန်လိုက်ရာရောက်နိုင်ကြောင်း ပြောဆိုခဲ့ကြသည်။

ယခုကိစ္စတွင် မြန်မာနှင့် အီရတ်တို့ကို ယင်းစာရင်းမှ ဖယ်ထုတ်ခြင်းမပြုသေးရန် အာရှနှင့် အရှေ့အလယ်ပိုင်းတို့ရှိ သံတမန်တို့က ပြောဆိုခဲ့ကြသော်လည်း နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က ပယ်ချထားခဲ့သည်ဟုလည်း သိရသည်။

အလားတူ အဆိုပါစာရင်းတွင် အာဖဂန်နစ္စတန်ကိုလည်း ထည့်သွင်းမှာမဟုတ်ကြောင်း တီလာဆန်က ပြောကြားခဲ့သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly