NLDပါတီ မူဝါဒများကို ဖောက်ဖျက်ပါက သမိုင်းတရားခံဖြစ်သွားမည်ဟု ဗဟိုကော်မတီဝင် သတိပေး

NLDပါတီ မူဝါဒများကို ဖောက်ဖျက်ပါက သမိုင်းတရားခံဖြစ်သွားမည်ဟု ဗဟိုကော်မတီဝင် သတိပေး
ဓာတ်ပုံ- National League for Democracy

ရန်ကုန် ၊ ဇွန် ၂၄ ။                 ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ မှ ချမှတ်ထားသည့် မူဝါဒများ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပါက သိပ်မကြာသည့်ကာလအတွင်းမှာ သမိုင်းတရားခံအဖြစ် ရောက်ရှိသွားလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်က သတိပေး ပြောဆိုလိုက်သည်။

"စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်လိုက်ပြီးဆိုတာနဲ့ မူဝါဒတွေကို ဖောက်ဖျက်လိုက်တာနဲ့အတူတူပါပဲ။ မူဝါဒတွေကို ဖောက်ဖျက်ရင် ရပ်တည်ချက်တွေ ဖောက်ဖျက်တာနဲ့အတူတူပါပဲ။ အဲ့ဒီလိုဆိုရင် ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပျက်စီးစေနိုင်တဲ့ ဖျက်စီးပစ်နိုင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီလို့ စွပ်စွဲခံရမယ့် အနေအထားမျိုးမှာ ရှိပါတယ်။ ဒါဟာ တကယ်တမ်းပြောရရင် ကျွန်တော်တို့ ကိုယ်တိုင် အလွန်မကြာတဲ့ကာလအတွင်းမှာ သမိုင်းတရားခံတွေ ဖြစ်ကြရလိမ့်မယ်လို့လည်း သတိချပ်ဖို့လိုပါတယ်" ဟု NLD ဗဟိုကော်မတီဝင်ဦးအောင်ကြည်ညွန့်က ဆိုသည်။

ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးတွင် ပြုလုပ်သည့် ပထမ-ဗဟိုကော်မတီ (သတ္တမ)အကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ဦးအောင်ကြည်ညွန့်က အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် လက်ရှိအချိန်၌ NLD အနေဖြင့် ဖိနှိပ်ခံရခြင်း ဘေးကို ကျော်လွန်ခဲ့သော်လည်း ရင်ဆိုင်ရမည့် ဘေးအန္တရာယ်သုံးမျိုး ကျန်ရှိနေသေးသည်ဟု ၎င်းကဆိုသည်။

"အခုဆက်ပြီး ရင်ဆိုင်ရမယ့် ဘေး သုံးမျိုးကျန်ပါသေးတယ်။ ပထမတစ်မျိုးကတော့ မွေးစားခံရခြင်း ဘေးပါ အင်မတန် သတိထားဖို့ကောင်းပါတယ်။ရှောင်ရှားနိုင်ကြဖို့လိုပါတယ်။ ဒုတိယဘေးကတော့ မွေးစားလို့မရဘူးဆိုရင် ခုတုံးလုပ်ကြ ပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ခုတုံးလုပ်ကြပါလိမ့်မယ်။ ခုတုံးလုပ်ခံရခြင်း ဘေးလည်း ရင်ဆိုင်ရဖို့ ရှိနေပါတယ်။   နောက်ဆုံးဘေးကတော့ အတွင်းကလာပါတယ်၊ အင်မတန်လည်း ကြောက်စရာကောင်းပါတယ်။ ထောင်လွှားခြင်းဘေး ဖြစ်ပါတယ်" ဟု ဦးအောင်ကြည်ညွန့်က သတိပေးပြောဆိုခဲ့သည်။
ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးတွင် ပထမ-ဗဟိုကော်မတီ (သတ္တမ)အကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ အရန်ဗဟိုကော်မတီဝင်များ အပါအဝင် ပါတီမှ တာဝန်ရှိသူများ
တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly