လေးလကြာမှ ဆွေးနွေး၊ ဆုံးဖြတ်ခွင့်ရတဲ့ အဆို ဘာ့ကြောင့် ကြာနေသလဲ

လေးလကြာမှ ဆွေးနွေး၊ ဆုံးဖြတ်ခွင့်ရတဲ့ အဆို ဘာ့ကြောင့် ကြာနေသလဲ
ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၂၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ အများပြည်သူတို့၏ လူမှု၊ စီးပွားဘဝကို ထိခိုက်နစ်နာစေသော နိုင်ငံတဝှမ်းရှိ စီမံကိန်းအားများ ပြန်လည်စိစစ်ပေးရန် အစိုးရအား တိုက်တွန်းသည့် အဆိုတစ်ရပ်အား အချိန်ကာလ ၄လခန့် ကြာသည့် ယနေ့ လွှတ်တော်အစည်းအဝေးမှသာ ဆွေးနွေး၊ ဆုံးဖြတ်နိုင်ခဲ့သည်။

တိုင်းရင်းသားရေးရာလူမျိုးများဝန်ကြီး နိုင်သက်လွင်၏ သမီးဖြစ်သူ ပေါင်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် မိကွန်ချမ်းက ၎င်း၏ အဆိုအား ဖေဖော်ဝါရီလ ၂၂ရက်နေ့ကတည်းက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ၄လခန့်ကြာသည့် ယနေ့မှသာ ဆွေးနွေး၊ ဆုံးဖြတ်ခြင်းသည် လွှတ်တော်သက်တမ်းအတွင်း ပထမဆုံးအကြိမ် အဖြစ်အပျက်တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် အဆိုတစ်ခု တင်သွင်းပြီးပါက တစ်ပတ်အတွင်း ဆွေးနွေး၊ ဆုံးဖြတ်လေ့ ရှိသည်။

မိကွန်ချမ်း၏ အဆိုမှာ “နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ထိခိုက်နစ်နာစေပြီး ပြည်သူအများသဘောမတွေ့ လက်မခံသော နှစ်ရှည်စီမံကိန်းများနှင့် ခေတ်အဆက်ဆက် အစိုးရမှခွင့်ပြုထားသည့် လုပ်ငန်းများကို ပြန်လည်စိစစ်ပေးပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း” ဟူ၍ ဖြစ်သည်။

“အဆိုက ကျယ်ပြန့်တဲ့ အခါကျတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ အဖြေတွေကိုလည်း တောင်းခံပြီးတော့ စုစည်းပြီးမှ ဖြေရတာ” ဟု အဆို ကြန့်ကြာနေသည့်အပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဇွန် ၂၃ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။

အစိုးရသစ်လက်ထက်အတွင်း နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိမည့် စီမံကိန်းများကိုသာ လုပ်ပိုင်ခွင့်ပြုထားသလို အများပြည်သူ ထိခိုက်နစ်နာမှုများ ရှိလာပါက လုပ်ကွက် ပိတ်သိမ်းခြင်း၊ စစ်ဆေး အရေးယူခြင်း၊ လျော်ကြေးငွေ ပေးချေစေခြင်း စသဖြင့် အရေးယူလျက်ရှိသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဒုဝန်ကြီးက ဆိုသည်။

သို့သော် လေးလကြာ အချိန်ယူပြီး လာရောက်ဖြေကြားသည့် ဒုဝန်ကြီးက အရေးယူဆောင်ရွက်မှု အခြေအနေကို တိတိပပ၊ ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိခဲ့ပေ။

“ကျွန်မ အဆိုကလည်း ကျယ်ပြန့်တယ်ဆိုတာကို သဘောပေါက်ပါတယ်။ လိုအပ်နေတာက ပြည်သူလူထု သဘောမတွေ့ဘူး၊ လက်မခံနိုင်တဲ့ ပေးထားတဲ့၊ ခွင့်ပြုထားတဲ့ စီမံကိန်းတွေကို ပြန်လည် စိစစ်ဖို့ ပြောတာပါ။ ဖျက်သိမ်းဖို့ တောင်းဆိုနေတာလည်း မဟုတ်ဘူး။ ဖြေတဲ့အပေါ်မှာ အပြည့်အဝ တစ်ရာ ရာခိုင်နှုန်းလည်း မရပါဘူး” ဟု ဒုဝန်ကြီး ဖြေကြားချက်အပေါ် ရာနှုန်းပြည့် ကျေနပ်မှု မရှိကြောင်း အဆိုရှင် မိကွန်ချမ်းက ပြောသည်။

“ကျွန်မတို့ နိုင်ငံမှာ စီမံကိန်းဆိုတဲ့အသံကို ကြားလိုက်တာနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအတွက်ကတော့ စီမံကိန်းက အင်မတန်မှ ချိမြိန်တဲ့ စကားလုံးလို့ ထင်တယ်။ ဒါပေမယ့် ပြည်သူတွေအတွက်က ခံစားရတဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ စီမံကိန်းဆိုတဲ့ စကားလုံး ကြားလိုက်တာနဲ့ အင်မတန် ခါးသီးတဲ့ စကားလုံးဆိုတာကို ငြင်းပယ်လို့ မရပါဘူး” ဟုလည်း မိကွန်ချမ်းက ဆိုသည်။

မိကွန်ချမ်း၏ အဆိုအား လွှတ်တော်အမတ် (၁၃)ဦးကလည်း ထောက်ခံ ဆွေးနွေးခဲ့သေးသည်။ ထူးခြားချက် အနေဖြင့် အဆိုပါ (၁၃)ဦးစလုံးသည် NLD အမတ်များသာဖြစ်ပြီး တပ်မတော်အပါအဝင် အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အခြားတိုင်းရင်းသား နိုင်ငံရေးပါတီများက ဝင်ရောက် ဆွေးနွေးခဲ့ခြင်း မရှိပေ။

အဆိုအား ထောက်ခံ ဆွေးနွေးသူတစ်ဦးဖြစ်သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် အမတ် ဒေါ်ဖြူဖြူသင်းက “အခုလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ မပြောနဲ့၊ စီမံကိန်းတွေက သတ်မှတ်ထားတဲ့ ခွင့်ပြုချက်ကို ကျော်လွန်ပြီးတော့ တောင်တွေကို ဖြိုခွဲနေကြတုန်း၊ မိုင်းတွေကို ခွဲနေကြတုန်းပဲ ဖြစ်ပါတယ်” ဟု စီမံကိန်းများ၏ လက်ရှိအခြေအနေကို ဝေဖန်သည်။

စီးပွားရေးလုပ်ကွက်များကို စိစစ်ကြပ်မတ်ဖို့ လိုပြီဟုလည်း သူ၏ မြို့နယ်အတွင်းရှိ စီမံကိန်းတစ်ချို့ကို ဥပမာပေးပြီး ဒေါ်ဖြူဖြူသင်းက ထောက်ပြပြောဆိုသည်။

မြေဧက ၆၉ဒဿမ ၂၅ဧက ကျယ်ဝန်းသည့် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်အား တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀(၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တစ်နှစ်လျှင် ကျပ်သိန်း ၇၇၀ဖြင့် ငှားရမ်းခ တိုးမြှင့်)ဖြင့် ငှားရမ်းထားခြင်းမှာ နိုင်ငံတော်အတွက် အလွန်နည်းပါးသည့် ဝင်ငွေဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

အဆိုပါ တိရိစ္ဆာန်ဥယျာဉ်တွင် ဝင်ကြေးအဖြစ် လူတစ်ဦးလျှင် ငွေကျပ် တစ်ထောင်နှုန်းဖြင့် ကောက်ခံလျက်ရှိပြီး တစ်နှစ်လျှင် လူဦးရေ သိန်းနှင့်ချီပြီး ဝင်ရောက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

“စီးပွားရေးကဏ္ဍကို အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်စေချင်တယ် ဆိုရင်တော့ ရှေ့ကို ဘယ်လောက်ပဲ တွန်းတွန်း အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ အတိတ်မှာ လုပ်ကိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းများကိုလည်း ပြန်လည် စစ်ဆေးပြီးတော့ လိုအပ်သလို ဆောင်ရွက်သင့်ပါတယ်။ စတင်စစ်ဆေးပြီးတော့ ဆောင်ရွက်သင့်သည်မှာ ကာလပေါက်ဈေးနဲ့ ညီညွတ်မှု ရှိ၊ မရှိ။ စာချုပ်ပါ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာခြင်း ရှိ၊ မရှိ။ ပြည်သူလူထု လက်ခံနိုင်ခြင်း ရှိ၊ မရှိဆိုတာကို ဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဒေါ်ဖြူဖြူသင်းက မှတ်ချက်ပြုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သည့် စီမံကိန်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူထုအပေါ် သက်ရောက်မှုကြီးမားသည့် စီမံကိန်းများကိုမူ မဖြစ်မနေ ပြန်လည် စိစစ်သင့်သည်ဟုလည်း ပုဗ္ဗသီရိမြို့နယ်အမတ် ဦးရည်မွန်(ခ) မောင်တင်သစ်က ဆွေးနွေးခဲ့သေးသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေထဲမှာတော့ နမူနာအနေနဲ့ပြောရင် မြန်မာ-တရုတ် ပိုက်လိုင်းစီမံကိန်း၊ ကျောက်ဖြူ၊ ထားဝယ်၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း၊ ရေနက်ဆိပ်ကမ်း စီမံကိန်းတို့ ဒါမျိုးတွေ ပါဝင်ပါမယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေအပေါ်မှာ သက်ရောက်မှုကြီးမားတဲ့ စီမံကိန်းတွေအနေနဲ့ကတော့ အထူးသဖြင့် သယံဇာတတူးဖော်ထုတ်လုပ်တဲ့လုပ်ငန်းတွေ ပါဝင်ပါလိမ့်မယ်” ဟု ဦးရည်မွန်(ခ) မောင်တင်သစ်က ထောက်ပြသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဒုဝန်ကြီး ဦးမောင်မောင်ဝင်းကမူ အစိုးရအဆက်ဆက် ခွင့်ပြုထားပြီးဖြစ်သည့် စီမံကိန်းအားလုံးကို ပြန်လည် စိစစ်မည် မဟုတ်ဘဲ ပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုစီးပွားဘဝ ထိခိုက်မှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို ထိခိုက်စေသည်ဟု ဒေသခံပြည်သူလူထုက တင်ပြလာပါက မည်သည့် စီမံကိန်းကိုမဆို ပြန်လည် စိစစ်သွားမည်ဟု ဆိုသည်။

သတ္တုတူးဖော်၊ ထုတ်လုပ်မှုများကြောင့် ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ ထိခိုက်မှုများ ရှိပါကလည်း ဒေသခံများအနေဖြင့် ပြည်ထောင်စုအစိုးရထံ စာ၊ အီးမေးလ်နှင့် တယ်လီဖုန်း တစ်နည်းနည်းဖြင့် တင်ပြလာပါက အချိန်နှင့်တပြေးညီ အရေးယူသွားမည်ဟုလည်း ဦးမောင်မောင်ဝင်းက ပြောသည်။

တကယ့်လက်တွေ့မှာမူ အရေးယူဆောင်ရွက်မှုအပိုင်းမှာ အားနည်းနေသလို စီမံကိန်းလုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးခွင့် ပြုခြင်းတို့မှာလည်း “အဂတိလိုက်စားမှု ကင်းရဲ့လားဆိုတာလည်း သံသယ ဖြစ်မိတယ်” ဟု အဆိုရှင် မိကွန်ချမ်းက ဝေဖန်သည်။

မိကွန်ချမ်း၏ အဆိုနှင့်ပတ်သက်ပြီး လွှတ်တော်တွင် မှတ်တမ်းတင် စောင့်ကြည်သွားရန် သဘောတူခဲ့သည်။

“အမှန်အတိုင်း ပြောရရင်တော့ ကျွန်မရဲ့အဆိုကို အတည်ပြုစေချင်တာပါပဲ။ ဒါပေမယ့် ကျွန်မတို့ရဲ့ လက်ရှိ အစိုးရဟာ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတယ်။ ဒီစီမံကိန်းတွေ အားလုံး ပြန်ကိုင်တွယ်ဖို့ဆိုတာ အစိုးရ အနေနဲ့လည်း ဒါကို လုပ်ဖို့အတွက်ကလည်း ခက်ခဲပါလိမ့်မယ်” ဟု မိကွန်ချမ်းက ဆိုသည်။

“အစိုးရအနေနဲ့ ဒါတွေကို ဘယ်လို ကိုင်တွယ်မလဲ၊ ဘယ်လို လုပ်မလဲ၊ ဘယ်လို အရေးယူဆောင်ရွက်မလဲ ဆိုတာလည်း စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်” ဟုလည်း မိကွန်ချမ်းက မီဒီယာများကို ပြောသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly