ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရန် အစိုးရဘက်မှ ဆောင်ရွက်နေဟု ပြန်ကြားရေးဝန်ကြီးပြော

ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရန် အစိုးရဘက်မှ ဆောင်ရွက်နေဟု ပြန်ကြားရေးဝန်ကြီးပြော

ရန်ကုန် ၊ ဇွန် ၂၃ ။           ။ သတင်းမီဒီယာများအပေါ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုမှုများ များပြားလာချိန်တွင် အဆိုပါ ဥပဒေအား ပြင်ဆင်ရန် အစိုးရဘက်မှ   ဆောင်ရွက်နေကြောင်း သိရသည်။

ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် နှင့် စာနယ်ဇင်းကောင်စီတို့ တွေ့ဆုံစဉ် ဒေါက်တာဖေမြင့်က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးသီဟစောက မဇ္ဈိမသို့ ပြောသည်။

"၆၆(ဃ) နဲ့ ပတ်သက်ပြီး ယေဘုယျအားဖြင့် ပြောဖြစ်ပါတယ်။ ဒီကေစ့်နဲ့ ပတ်သက်ပြီး သူ့ထင်မြင်ချက်တွေ ပြောတယ်။ အဓိကကတော့ သူတို့ဘက်က ပြင်လို့မရဘူး၊ လွှတ်တော်ဘက်က ပြင်မှ ရမယ်၊ အဲ့ဒါကို ပြင်ဖို့ လုပ်နေပြီး ဆိုတာကို ပြောတယ်" ဟု ဦးသီဟစောက ဆိုသည်။

ယခုလတ်တလောတွင် သတင်းမီဒီယာများအပေါ် ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အမှုပေါင်း ၁၀ မှုအထိ ရှိနေပြီး တရားရင်ဆိုင်နေရသည့် သတင်းမီဒီယာသမား ၁၇ ဦးအထိ ရှိနေကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့ထံမှသိရသည်။

ယနေ့ ဇွန်လ ၂၃ ရက်နေ့အထိ ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသန အဖွဲ့မှ ကောက်ခံရရှိသောစာရင်းများအရ ယင်းအမှုဖြင့် တရားရုံးတင်ပြီး တရားစွဲဆိုမှု စုစုပေါင်း (၇၀) မှု ရှိသည်ဟု ယင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် မီဒီယာများအနက် တပ်မတော်မှ တရားစွဲဆိုထားသည့် The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေ နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားစွဲဆိုထားသည့် Eleven မီဒီယာ CEO ဒေါက်တာသန်းထွဋ်အောင်တို့လည်း အပါအဝင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly