ရှေ့နေဦးကိုနီ အသတ်ခံရမှုမှ တရားခံပြေး အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရန် အလားအလာမရှိသေး

ရှေ့နေဦးကိုနီ အသတ်ခံရမှုမှ တရားခံပြေး အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရန် အလားအလာမရှိသေး

ရန်ကုန်၊ ဇွန်လ ၂၃ ။            ။ ရှေ့နေဦးကိုနီ အသတ်ခံရမှုနှင့် ယနေ့ ဇွန်လ ၂၃ရက်၊ ရုံးချိန်းတွင် တရားခံပြေး အောင်ဝင်းခိုင်မှာ ထွက်ပြေးတိမ်းရှောင်နေပြီး လတ်တလောဖမ်းဆီးရမိရန် အလာအလားမရှိသေးကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးရဲလွင်က ပြောသည်။

“ ဖမ်းဆီးနိုင်တဲ့ အလာအလားမရှိသေးကြောင်း ထင်ရှားပေါ်ပေါက်တဲ့ အတွက်ကြောင့်မို့လို့ တရားခံ ပြေးအောင် ဝင်းခိုင်ရဲ့ မျက်ကွယ်မှာ လူသတ်မှုနဲ့ လက်နက်မှုနဲ့ ပတ်သက်တဲ့ သက်သေတွေကို ဆက်ပြီး စစ်ဆေးသွားမှာ ဖြစ်တယ်”ဟု ဦးရဲလွင်ကပြောသည်။

အဆိုပါ တရားခံပြေးအမှုနှင့် ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ကာ စုံးစမ်းရှာဖွေခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ ထွက်ဆိုချက်များ၊ မှုခင်းရဲတပ်ဖွဲ့မှ ထွက်ဆိုချက်များနှင့် အမှုစစ်ရဲအရာရှိမှ ထွက်ဆို ချက်များအရ ယင်းကဲ့သို့ စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်။

ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်းကိုနေဝင်းတို့ အသတ်ခံခဲ့ရသည့် အမှုနှင့်ပတ်သက်ပြီး လာမည့် ဇွန်လ ၃ဝ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ပြီး အဆိုပါ ရုံးချိန်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ရာဇဝတ်ကြီးမှုအမှတ် - ၄၅/၂ဝ၁၇ လူသတ်မှုအတွက် တရားလိုဖြစ်သူ ရဲအုပ်မိုးနိုင်အား စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တရားခံပြေးအောင်ဝင်းခိုင်နှင့် ဆက်စပ်ပြီး ၎င်းကို နေပြည်တော်ရှိ ပရဆေး ဥယျာဉ်သို့ ကားမောင်း ပို့ဆောင်ခဲ့သော ရဲထွဋ်လှိုင်ဆိုသူအား တရားခံပြေးအမှုတွင် သက်သေအဖြစ် စစ်ဆေးရန် လိုအပ်ကြောင်း ဦးကိုနီမိသားစုဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးနေလက  ဇွန်လ ၂၃ ရက် ရုံးချိန်းတွင် ပြောသည်။

“ သူကတော့ သက်သေစာရင်းထဲမှာပါတယ်။ အဲ့ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ အခုစစ်ဆေးဖို့ တင်ပြတဲ့အခါကျ တော့ ဥပဒေရုံးရဲ့ သဘောထားကတော့ ကျန်တဲ့အမှုနဲ့ ဆက်လက် စစ်ဆေးမယ်လို့   ပြောတယ်။ အန်ကယ်တို့ရဲ့ သဘောထားကတော့ အမှုအကြောင်းအချင်းရာ မဟုတ်ဘဲနဲ့ တရားခံပြေးဖမ်းဆီးရမိရေး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့ကို ဒီတရားခံပြေးဖမ်းဆီးရမိရေးအမှုမှာ သက်သေအဖြစ်စစ်ဆေးဖို့လိုအပ်တယ်လို့ ထင်တယ် ”ဟု ဦးနေလက ပြောသည်။

ကားမောင်းပို့ဆောင်ပေးခဲ့သူ ရဲထွဋ်လှိုင်ကို တရားခံ လွတ်မြောက်ရေးအားပေး ကူညီမှုဖြင့် အရေးယူနိုင်သော်လည်း ယင်းအမှုနှင့် ပတ်သက်ပြီး အရေးယူသင့်၊ မယူသင့် စုံစမ်းစစ်ဆေး ချက် အရ ပေါ်ပေါက်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly