ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွေကို ခန့်မှန်းပေးနေတဲ့ ကြောင်ကလေး

ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွေကို ခန့်မှန်းပေးနေတဲ့ ကြောင်ကလေး

ဇွန် ၂၃၊ ရုရှား ။            ။ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ ပွဲစဉ်တွေကို ခန့်မှန်းပေးနေတဲ့ ကြောင်ကလေးတစ်ကောင် ရှိပါတယ်။

သူ့ရဲ့နာမည်ကတော့ အာခိလီစ်လို့ ခေါ်ပါတယ်။ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့က ဟာရီတိတ်ချ်ပြတိုက်ကြီးထဲမှာ နေထိုင်တဲ့ ကြောင်ကလေးဖြစ်ပါတယ်။

အာခိလီစ်ကို ထိန်းကျောင်း၊ စောင့်ရှောက်ရသူတွေဟာ ပြိုင်ပွဲခန့်မှန်းဖို့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ရုရှားနဲ့နယူးဇီလန်တို့ရဲ့ပွဲစဉ်ကို စတင်ခန့်မှန်းစေခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ရုရှားနိုင်မယ်လို့ အာခိလီစ်က မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ကင်မရွန်းနဲ့သြစတြေးလျတို့ရဲ့ ပွဲစဉ်ကို ထပ်မံခန့်မှန်းစေခဲ့ပါတယ်။ လှောင်အိမ်လေးနှစ်ခုရှေ့မှာ အစာခွက် နှစ်ခွက်ကို ချထားပြီး ကင်မရွန်းအလံနဲ့သြစတြေးလျ အလံတို့ကို တစ်ဖက် တစ်ခုစီချထားပါတယ်။ ဒီတစ်ကြိမ်မှာတော့ အာခိလီစ်က သြစတြေးလျအသင်းကို ရွေးချယ်ခဲ့ပါတယ်။ ကင်မရွန်းနဲ့သြစတြေးလျတို့ တစ်ဂိုးစီသရေကျခဲ့တာကြောင့် ဒီတစ်ကြိမ်မှာ အာခိလီစ်ရဲ့ရွေးချယ်မှုက မှားယွင်းခဲ့ပါတယ်။

၁၈၅၂ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ ဟာရီတိတ်ချ်ပြတိုက်ကြီးမှာ ကြောင်ပေါင်းများစွာကို ထိန်းသိမ်းစောင့်ရှောက်ထားတာ ဖြစ်ပြီး အာခိလီစ်က ဒီကြောင်လေးတွေထဲက တစ်ကောင်ဖြစ်ပါတယ်။   ကြောင်တွေကို ပြုစုစောင့်ရှောက်ရတဲ့ မာရီရာကတော့ အခုလို ပြောပါတယ်

‘လှောင်အိမ်လေးနှစ်ခုနဲ့ စမ်းသပ်မှုတွေလုပ်ခဲ့ပါတယ်။ အာခိလီစ်က လှောင်အိမ်တစ်ခုတည်းကိုဝင်ပြီး ရွေးချယ်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။ လှောင်အိမ်တွေက ကြောင်တွေကို ဆွဲဆောင်နိုင်တယ်လေ’

တိရိစ္ဆာန်ဆရာဝန် အန်နာကတော့ ‘ကြောင်တွေက မုဆိုးဗီဇရှိတဲ့ သတ္တဝါတွေပါ။ ဒါကြောင့် သူတို့အနေနဲ့ ပုန်းကွယ်နေဖို့ လိုအပ်ပါတယ်။ ပြီးတော့သားကောင်ကို ခုန်အုပ်ဖို့ အမြင့်မှာနေဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် အာခိလီစ်က လှောင်အိမ်ပေါ်ကို ခုန်တက်သွားတာပါ’။

ရည်ညွှန်း အေအက်ဖ်ပီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly