စစ်တွေမြို့အတွင်း ရေပိတ်ဆို့မှုများအား ဇူလိုင်လမကုန်မီ ဖြေရှင်းမည်ဟု ဆို

စစ်တွေမြို့အတွင်း ရေပိတ်ဆို့မှုများအား ဇူလိုင်လမကုန်မီ ဖြေရှင်းမည်ဟု ဆို
စစ်တွေမြို့ရှိ ရဲကျော်သူကျောင်း (သံကျောင်း) အနီးမှ အမှိုက်များပိတ်ဆို့နေသော ရေမြောင်း (ဓာတ်ပုံ - မင်းသိန်း/RiA)

စစ်တွေ၊ ဇွန်လ ၂၃ ရက် ။                         ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ယခုနှစ်လျာထားလျက်ရှိသော ဘဏ္ဍာငွေပေါ်မူတည်ကာ အဓိကထားတင်ပြထားသော ရပ်ကွက်များနှင့် လမ်းများရှိ ပိတ်ဆို့နေသော ချောင်းငယ်၊ အင်းအိုင်ငယ်များအား ဇူလိုင်လမကုန်မီ  ဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း   ပြည်နယ်စည်ပင်သာယာရေးကော်မတီ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ပြောသည်။

“ ရေစီးရေလာကို ဆောင်ရွက်တဲ့အခါ တစ်မြို့လုံး လွှမ်းခြုံပြီး စဉ်းစားရပါတယ်။ ဧပြီလကနေပြီး စစ်တွေမြို့မှာရှိတဲ့ အဓိကကျတဲ့ လမ်း ၁၇ လမ်းကို လူအင်အား ၃၀ ယောက်နဲ့ ဆောင်ရွက်ခဲ့ပြီးပါပြီ။ ဒါပေမယ့် လက်ရှိအနေထားထိတော့ လျာထားတဲ့လုပ်ငန်းပေါ်မှာ ပြီးစီးမှု မရှိသေးပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ တင်ပြထားတဲ့ ရပ်ကွက်တွေမှာ အခက်အခဲရှိတဲ့လမ်းတွေ ဒီနှစ်လျာထားတဲ့ ဘတ်ဂျတ်ငွေပေါ်မှာ မူတည်ပြီးတော့ ဒီရက်ပေါင်း ၂၀ အတွင်း ဆောင်ရွက်သွားမှာပါ ” ဟု ဦးကျော်မိုးက ပြောသည်။

စစ်တွေမြို့သည် ပင်လယ်နှင့် နီးစပ်သောမြို့ဖြစ်သောကြောင့် ပင်လယ်ဒီရေကြီးနေ့များတွင် မိုးသည်းထန်စွာရွာသွန်းလျင် ဒီရေကျချိန် ကြန့်ကြာနေ၍ ရေများတင်ကျန်ခြင်းဖြစ်ကြောင်း၊ မိုးမရွာသော်လည်း မြစ်ရေကြီးလျင် ရေများတင်ကျန်ခဲ့ခြင်း တို့ကြောင့် ရေလမ်းကြောင်း ပိတ်ဆို့ကာ ကျန်ရစ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

စစ်တွေမြို့တွင် အဓိက ရေထွက်ပေါက် ၁၄ ပေါက်ရှိရာ ယင်းအထဲမှ ကမ်းနားလမ်းရှိ မြန်မာ့စီးပွားရေးဘဏ် အနီးနှင့် ကျောင်းကြီးလမ်း ရေထွက်ပေါက်အပါအဝင် ချောင်း ၂ ခုအား   ဖြေရှင်းဆောင်ရွက်ပြီးဖြစ်ကြောင်း စည်ပင်သာယာကော်မတီ၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ် မိုးရာသီကာလအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သော မိုရာ မုန်တိုင်းအပါအဝင် နေ့စဉ်လိုလို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်တွေမြို့အပါအဝင် ရန်ကုန်-စစ်တွေအဝေးပြေးလမ်းတလျှောက်ရှိ မြို့နယ်ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ရှိနေပြီး လမ်းပန်းဆက်သွယ်ရေးများ ယာယီရပ်နားထားမှုများလည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly