The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ အာမခံ လျှောက်ထားမှု သုံးကြိမ်မြောက် ပယ်ချခံရ

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ အာမခံ လျှောက်ထားမှု သုံးကြိမ်မြောက် ပယ်ချခံရ
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဇွန် ၂၃ ။            ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် The Voice နေ့စဉ်ထုတ် သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ အာမခံ လျှောက်ထားမှုကို ယနေ့ ဇွန်လ ၂၃ရက်တွင် ဗဟန်းမြို့နယ်တရားရုံးမှ သုံးကြိမ်မြောက် ပယ်ချခဲ့သည်။

ယနေ့ ဇွန်လ ၂၃ ရက် ရုံးချိန်းတွင် အနောက်တရားရုံးသို့ ပြောင်းရွှေ့ခွင့်လျှောက်ထားခဲ့ပြီး ဗဟန်းမြို့နယ်တရားရုံးမှာ တရားမျှတမှုမရှိသောကြောင့် ဟု The Voice သတင်းစာ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

"ဗဟန်းမြို့နယ်တရားရုံးရဲ့ စစ်ဆေးစီရင်မှုတွေအပေါ်မှာ ဥပဒေနဲ့အညီ မှန်ကန်မျှတစွာ စစ်ဆေးမှု ခံယူနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်တဲ့အတွက် ဒီရုံးမှာ အစစ်မခံဘဲ တခြားသင့်တော်တဲ့ ရုံးကို ပြောင်းရွေ့ပေးဖို့ ဦးကျော်မင်းဆွေကိုယ်တိုင် လက်မှတ်ထိုးပြီး လျှောက်ထားခဲ့ပါတယ်၊ ဒါပေမယ့် တရားရုံးက ဒါကို ပယ်ချခဲ့ပါတယ်" ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဆိုသည်။

ဗဟန်းမြို့နယ်တရားရုံး ယနေ့ ရုံးချိန်းသို့ တရားလို ဒုတိယဗိုလ်မှူးကြီး လင်းထွန်း လာရောက် စစ်ဆေးခံခဲ့သည်။

မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာတွင် ဖော်ပြပါရှိသည့် ကျည်ထောင်စုသစ္စာ အမည်ရ သရော်စာဆောင်းပါးသည် တပ်မတော်အပေါ် ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည် ဟုဆိုကာ The Voice နေ့စဉ်ထုတ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့အား ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဇွန် လ ၃၀ ရက်နေ့ ရုံးချိန်းတွင် အာမခံလျှောက်ထားမှုကို ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး ဥပဒေကြောင်းအရ အနောက်ပိုင်းခရိုင် တရားရုံးသို့ ပြောင်းလဲစစ်ဆေးရန် တင်ပြသွားမည်ဟု ဦးခင်မောင်မြင့်က တရားခွင်အပြီး မီဒီယာများ မေးမြန်းမှုတွင် ဖြေဆိုခဲ့သည်။

ဇွန်လ ၁၆ ရက် ၊ ဒုတိယအကြိမ် ရုံးထုတ်ချိန်တွင် ကျည်ထောင်စုသစ္စာ သရော်စာဆောင်းပါးကို ရေးသားသော ဗြိတိသျှ ကိုကိုမောင်ကို ပုံနှိပ်မီဒီယာတွင်သာ ရေးသားသောကြောင့် အမှုနှင့် သက်ဆိုင်မှုမရှိဟုဆိုသော ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ မှတ်ချက်ဖြင့် တရားသေ လွှတ်ခဲ့ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ဆက်လက်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags