ညောင်တုန်း မြို့ပေါ်နှင့် ရပ်ကွက်အချို့ စတင်ပြောင်းရွှေ့

ညောင်တုန်း မြို့ပေါ်နှင့် ရပ်ကွက်အချို့ စတင်ပြောင်းရွှေ့

ရန်ကုန် သြဂုတ် ၄ ။        ။ ဧရာဝတီတိုင်း ညောင်တုန်းမြို့နှင့် ရပ်ကွက်အချို့မှ ပြည်သူများကို ၎င်းတို့နေထိုင်ရာအရပ်မှ ရေဘေး လွတ်ကင်းရာသို့ စတင်ပြောင်းရွှေ့ပေးနေသည်ဟု တိုင်းကယ်ဆယ်ရေး ဦးစီးဌာနမှုး ဦးသန်းစိုးက သြဂုတ် ၄ရက်တွင် မဇ္ဈိမကိုပြောသည်။

၎င်းက  "ညောင်တုန်းမြို့နဲ့ ဝန်းကျင်ရပ်ကွက်တွေကို ရွှေ့နေတယ်။ ကယ်ဆယ်ရေးပစ္စည်း ၉ မျိုးပို့ထားပြီးပြီ" ဟု ဆိုသည်။

ညောင်တုန်းမြိ့နှင့် ၎င်းဝန်းကျင်ရှိရပ်ကွက်များကို ပြောင်းရွှေ့ခိုင်းထားသော်လည်း လက်ရှိအချိန်ထိ မည်သည့် အရေအတွက်ကို ပြောင်းရွှေ့ပေးထားပြီးသည်နှင့် မည်သည့်နေရာများ ထပ်မံပြောင်းရွှေ့နေရ သည်ကို မဇ္ဈိမက ဖုန်းဆက်မေးမြန်းသည့် ညနေ လေးနာရီခန့်တွင် မသိရသေးဟု ဦးသန်းစိုးက ပြောသည်။

ဧရာဝတီတိုင်း ဇလွန်၊ ညောင်တုန်းနှင့် ဟသာၤတမြို့နယ်တို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် အထက် တစ်ပေ မှ ၂ပေနီးပါးတို့တွင် ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒက ညွှန်ကြားမှု ဦးစီးဌာနက သြဂုတ်လပထမအပတ် အတွင်းထုတ်ပြန်ထားသည်။

ညောင်တုန်းမြို့ သဘာဝဘေးအန္တာရယ် ကာကွယ်တားဆီးရေးကော်မတီမှ ဒေါ်အိကေခိုင်က  "ညောင်တုန်း အမှတ် ၁၀ရပ်ကွက်နဲ့ ပန်းဧရာမှာပဲ ရေဝင်နေလို့ အသက်ကြီးသူတွေ ကျန်းမာရေး မကောင်း သူတွေကို နေရာရွှေ့ပေးနေပါတယ်။ တစ်ခြားတော့နေရာတွေတော့ မပြောင်းရသေးပါဘူး" ဟု မဇ္ဈိမကို ဖုန်းဖြင့်ဖြေကြားသည်။

လက်ရှိအချိန်တွင် ဧရာဝတီမြစ်ရေသည် ညောင်တုန်းမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် ၂၄ ဒဿမ ၅၏ အထက် တစ်ပေခန့်တွင် တည်ရှိနေကြောင်း အထက်ပါကော်မတီမှသိရသည်။

ဟသာၤတမြို့အတွင်းတွင်လည်း စိုးရိမ်ရေအမှတ်ထက် တစ်ပေကျော်တွင် တည်ရှိနေသည်ဟု သိရကြောင်း ဟသာၤတ မြို့တွင်နေထိုင်သည့် ဦးတင်ညိုအောင်က မဇ္ဈိမကိုဖြေကြားသည်။

၎င်းက  "မြို့ကို ကာထားတဲ့ တာ ၃ခုရှိတယ် အဲဒီတာတွေဆီကိုတော့ရောက်နေပြီး ကြွက်တွေဖောက်ထားတဲ့ တွင်းတွေ ကနေရေပန်းထွက်ရင် သွားပိတ်လိုက်၊ စောင့်ကြည့်ပြီးလုပ်နေရတယ်။

ကျွန်တော်နေတဲံ ကိုင်းချောင်းနဲ့ ဗြစ်အင်း ဖက်လည်း ရေတော့ မဝင်သေးဘူးလို့ ခုနလေးပဲ အိမ်နဲ့ ဖုန်းရထားပါတယ်" ဟု ပြောသည်။

ဇူလိုင်လ တတိယအပတ်မှ စတင်ရွာသွန်းခဲ့သည့် မိုးနှင့် မုန်တိုင်းအဖျားခတ်မှုကြောင့် စစ်ကိုင်း၊ ရခိုင်၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ချင်းပြည်နယ်တို့တွင် မိုးသည်းထန်ကာရေကြီးခြင်း များဖြစ်ပေါ်နေခြင်းဖြစ် သည်။ယင်းတို့မှ မကွေး၊ စစ်ကိုင်း၊ရခိုင်နှင့် ချင်းပြည်နယ်တို့ကို သဘာဝဘေးသင့် ဒေသများအဖြစ် အစိုးရက ဇူလိုင်လ ၃၁ရက်တွင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly