ရန်ကုန်တိုင်းစစ်ဌာနချုပ်အနီး ပြုလုပ်မည့် ၆၆(ဃ) ဖျက်သိမ်းရေး ကန့်ကွက်ပွဲနှင့် လက်မှတ်စုုဆောင်းပွဲ ဖျက်သိမ်း

ရန်ကုန်တိုင်းစစ်ဌာနချုပ်အနီး ပြုလုပ်မည့် ၆၆(ဃ) ဖျက်သိမ်းရေး ကန့်ကွက်ပွဲနှင့် လက်မှတ်စုုဆောင်းပွဲ ဖျက်သိမ်း
ဓာတ်ပုံ- သတင်းကော်မတီ

ရန်ကုန်၊ ဇွန် ၂၃ ။           ။ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနီး သတင်းသမားများပြုလုပ်မည့် ၆၆(ဃ) ဖျက်သိမ်းရေး ကန့်ကွက်ပွဲနှင့် လက်မှတ်စုဆောင်းပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး ကန့်ကွက်ပွဲနှင့် လက်မှတ်စုဆောင်းပွဲကို ယနေ့ (ဇွန် ၂၃) တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်အနီး ပြုလုပ်ရန် စီစဉ်ထားသော်လည်း ရန်ကုန်တိုင်းအစိုးရမှ ခွင့်မပြုသောကြောင့် အစီအစဉ် ဖျက်သိမ်းခဲ့ရသည်ဟု မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီမှ ဦးသာလွန်ဇောင်းထက် က ပြောသည်။

“ အုပ်ချုပ်ရေးပိုင်းက တားဆီးတာဗျာ။ အဓိက ကတော့ စာထုတ်တာတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က စာထုတ်တာပေါ့ ”ဟု ၎င်းက ပြောဆိုသည်။

ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အနောက်ပိုင်း ခရိုင် ခရိုင်မှူး၊ မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေး၊ မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစိုးအောင်၊ မရမ်းကုန်းမြို့နယ် ဥပဒေအရာရှိ တို့က မြန်မာသတင်းသမား များ ကာကွယ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် ထပ်မံ တွေ့ဆုံပြီး ကန့်ကွက်ပွဲကိစ္စ ညှိနှိုင်းခဲ့သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှေ့ ၈ မိုင်ခုံးကျော်တံတားအောက်တွင် ပြုလုပ်ရန် စီစဉ်ထားသေအဆိုပါ ပွဲကို ရွှေဘဲစားသောက်ဆိုင်ရှေ့ ခုံးတံတား အောက်သို့ ရွှေ့ဆိုင်းပေးရန် အနောက်ပိုင်းခရိုင် ဒုတိယရဲမှူးကြီး ဦးသိန်းလွင်က ဇွန် ၂၁ ရက်ညနေပိုင်းက မေတ္တာရပ်ခံ ညှိနှိုင်းလာခဲ့ကြောင်းလည်း သိရသည်။

သို့သော် ညနေ ၃ နာရီတွင် နိုင်ငံတော်လုံခြုံရေးအရ ကန့်သတ်နယ်မြေဖြစ်၍ ခွင့်မပြုနိုင်ကြောင်း၊ ပြည်သူလူထု လုံခြုံရေး ထိခိုက်နိုင်ခြင်းတို့ကြောင့်ဟု ဆိုကာ ခွင့်မပြုနိုင်ကြောင်း တရားဝင် စာထုတ်အကြောင်းကြားလာ ကြောင်း မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီမှ ဦးသာလွန်ဇောင်းထက်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ မှ နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ဟူသည့် ဥပဒေပါ အခွင့်အရေးကိုလည်း ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်ဟု ဇွန် ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly