မြောက်ကိုရီးယားမှ ပြန်လွှတ်ပြီးနောက် သေဆုံးခဲ့သည့် အမေရိကန်ကျောင်းသား အသုဘသို့ လူထောင်ပေါင်းများစွာ လိုက်ပို့

မြောက်ကိုရီးယားမှ ပြန်လွှတ်ပြီးနောက် သေဆုံးခဲ့သည့် အမေရိကန်ကျောင်းသား အသုဘသို့ လူထောင်ပေါင်းများစွာ လိုက်ပို့

နယူးယောက်၊ ဇွန် ၂၃ ။            ။ မြောက်ကိုရီးယားအကျဉ်းထောင်တွင် ၁၇ လတာ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာကာ မိသားစုထံရောက်ရှိပြီး ရက်အနည်းငယ် အတွင်းမှာပင်   သေဆုံးခဲ့သည့် အမေရိကန်ကျောင်းသား အော့တိုဝမ်းဘီးယား၏ အိုဟိုင်းယိုပြည်နယ် စင်စင်နာတီမြို့ ဆင်ခြေဖုံးတွင် ဇွန် ၂၂ ရက်က ပြုလုပ်သော အသုဘသို့ အလေးထားလိုက်လံပို့ဆောင်သူ   ပြည်သူထောင်ပေါင်းများစွာရှိခဲ့သည်။

အသက် ၂၂ နှစ်အရွယ် အော့တိုသည် မြောက်ကိုရီးယားသို့  အလည်အပတ်ခရီးသွားစဉ် ၂၀၁၆ ခုနှစ် မတ်လက ဟိုတယ်တစ်ခု၌ ကပ်ထားသည့် နိုင်ငံရေးကြေညာစာတမ်းတစ်ခုအား   ဖြုတ်ချပစ်ခဲ့ခြင်းအတွက် ဖမ်းဆီးခံရကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရပြီး မကြာမီ အချိန်တိုအတွင်း ကိုမာဆန်သော ရောဂါမျိုး ခံစားခဲ့ရသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ရက်ပိုင်းအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

အော့တိုမှာ လူက နိုးထနေသော်လည်း တုံ့ပြန်မှု အလျဉ်းမရှိသော အခြေအနေမျိုး ဖြစ်နေခဲ့သည်ဟု ၎င်းကို ကုသပေးစဉ်က အာရုံကြောပါရဂူများ ပြောပြီး မည်သည့်အတွက်ကြောင့် ယင်းသို့ ဦးနှောက်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့သည်ကို မသိရှိရဟု ၎င်းတို့က ဆိုထားခဲ့ကြသည်။

မြောက်ကိုရီးယားဖက်က ရှင်းလင်းချက်ပေးထားသလို Botulism အဆိပ်သင့်ဝေဒနာတစ်မျိုး ခံစားနေရခြင်း ဖြစ်သည်ဆိုခြင်းအတွက် သက်သေရှာမတွေ့ကြောင်းလည်း အော့တိုအား ကုသပေးနေသည့် ဆေးပညာရှင်အဖွဲ့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly