တနိုင်းနှင့် ဖားကန့်ရှိ ကျေးရွာ ၄ ရွာတွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုုပ်ရန် အသိပေးသည့်စာ ပြန်ရုတ်သိမ်း

တနိုင်းနှင့် ဖားကန့်ရှိ ကျေးရွာ ၄ ရွာတွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုုပ်ရန် အသိပေးသည့်စာ ပြန်ရုတ်သိမ်း
ကချင်ပြည်နယ်ရှိ ဖာကန့်မှော်အား တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now
 

ချင်းမိုင်၊ဇွန်လ ၂၂  ။           ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် ဖားကန့်မြို့နယ်အတွင်း ကျေးရွာ ၄ ခုတွင် ဇွန်လ ၂၃ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အတွင်း တပ်မတော်မှ နယ်မြေရှင်းလင်းရေး၊ ပစ်ခတ်မှုများ ဆောင်ရွက်သွားမည် ဖြစ်၍ ကျေးရွာနေ ပြည်သူများ ရွာပြင်သို့ လုပ်ကိုင်ခြင်း မပြုလုပ်ရန် အသိပေးစာကို ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်လိုက်ပြီးနောက် မွန်းလွဲပိုင်းတွင် ပြန်လည် ရုတ်သိမ်းလိုက်သည်ဟု သိရသည်။

အသိပေးစာတွင် မိမိတို့စည်းရုံးရေးနယ်မြေဖြစ်သော နောင်မီးကျေးရွာ၊ ဝါရာဇွပ်၊ကျးရွာ၊ ရှာထူးဇွပ်ကျေးရွာ၊ တိန်ကောက် ကျေးရွာအတွင်း တပ်မတော် စစ်ကြောင်းများမှ လီဒိုကားလမ်းမကြီး၏ ဘေးဝဲ၊ ယာ မီတာ ၅၀၀၀အတွင်း အတွင်း နယ်မြေ ရှင်းလင်းရေး၊ ပစ်ခတ်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာ အခြေစိုက် တပ်မတော်၏ အမှတ် ၂၉၇ ခြေလျင်တပ်ရင်းမှူးမှ အုပ်ချုပ်ရေးမှူးများထံသို့ ဇွန်လ ၂၂ ရက်နေ့ ရက်စွဲဖြင့် အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“စာက မနက် ၁၀ နာရီမှာ စာရောက်လာတယ်။ ဒါပေမယ့် ၁ နာရီလောက်မှာ အဲဒီစာ ပြန်ရုတ်သိမ်းလိုက်တယ်ဆိုပြီး ပြန် အကြောင်းကြားလာတယ်။ ဘာကြောင့် ရုတ်သိမ်းတယ်ဆိုတာတော့ မပြောဘူး။ ရုတ်သိမ်းလိုက်ပေမဲ့ မစိုးရိမ်ရပေမဲ့ ဒီမှာက စစ်ဖြစ်တဲ့ နေရာဆိုတော့ ကျွန်တော်တို့က ရွာသားတွေကို သတိနဲ့ နေကြဖို့ ပြောထားတယ်။ ကိုယ့် တောင်ယာမှာပဲ အလုပ် လုပ်ရင်လုပ်။ တခြားအရေးမကြီးရင် အပြင်မသွားကြဖို့တော့ ပြောထားပါတယ်”ဟု ဝါရာဇွပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဒီးက ပြောသည်။

အဆိုပါ ကျေးရွာများတွင် နေထိုင်နေကြသော ပြည်သူများအနေဖြင့် သတ်မှတ်ထားသောရက်များအတွင်း အမဲလိုက်ခြင်း၊ သစ်၊ ဝါးများခုတ်ခြင်း၊ ဟင်းသီးဟင်းရွက်များ ရှာဖွေခြင်းနှင့် တောင်ယာခုတ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခြင်း မပြုလုပ်ရန် ကျေးရွာနေပြည်သူများသို့ အသိပေးအကြောင်းကြားထားရန်နှင့်  ထိခိုက်နစ်နာမှုများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏ တာဝန်သာ ဖြစ်ကြောင်း ၎င်းတို့၏ အသိပေးစာတွင် ဖော်ပြထားသည်။

နောင်းမီ၊ ဝါရာဇွပ်၊ ရာထူးဇွပ်စသည့် ကျေးရွာများသည် ဖားကန့်မြို့နယ်တွင် ရှိပြီး တိန်ကောက်ကျေးရွာသည် တနိုင်းမြို့နယ်အတွင်း ပါဝင်သည်။ တပ်မတော်၏ ခြေလျင်တပ်ရင်း ၂၉၇ တနိုင်းဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်ရင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖားကန့်-မိုးကောင်းကားလမ်းပေါ်တွင် တပ်မတော်၏ တပ်ရင်း ၄ ရင်းက တိုးမြှင့်၍ ချထားသဖြင့် တိုက်ပွဲက အချိန်မရွှေးဖြစ်ပွားနိုင်သည်ဟု ဖားကန့်ဒေသမှ KIA တပ်ရင်း ၆ တပ်ရင်းမှူးက မဇ္ဈိမကို ပြောသည်။

“ဒီနေ့တော့ တိုက်ပွဲ ဖြစ်တာ မကြားသေးဘူး။ ဒီဖားကန့်ဘက်မှာတော့ မိုးကောင်းနဲ့ ကားမိုင်းလမ်း၊ ကားမိုင်းနဲ့ ဖားကန့် လမ်းကြားမှာက လမ်းပေါ်မှာ လမ်းလုံခြုံရေးအတွက် တပ်ရင်း ၄ ရင်းလောက် လှုပ်ရှားနေတယ်”ဟု သူက ပြောသည်။

ဇွန်လ ၃ ရက်နေ့က KIA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်၍ တနိုင်းမြို့နယ် ရွှေ၊ ပယင်းမှော်များရှိ ရွှေ့ပြောင်း လုပ်သားများနှင့် ဒေသခံ ရွာသားများအား ဇွန်လ ၁၅ ရက်နောက်ဆုံးထား အမြန်ဆုံးထွက်ခွာရန် တရားဝင် စာထုတ်ပြန်ခဲ့သည်။

KIA မှလည်း အဆိုပါနေရာများတွင် လတ်တလောအခြေအနေများကြောင့် သွားလာခွင့် အချိန် ကန့်သတ်ကြောင်း ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုနောက်ပိုင်း KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ တပ်ဖွဲ့များနှင့် တပ်မတော်တို့အကြား တိုက်ပွဲ နေ့စဉ်ဆိုသလို ဖြစ်ပွားလျက်ရှိနေသည်။

ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် တနိုင်းမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း ယမန်နေ့တွင် တနိုင်းမြို့နယ် လီဒိုလမ်းမပေါ်တွင် ခွမ်ဇိုင်ယန်ဒေသတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly