မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် စွဲဆိုခံထားရသော ကချင်လူငယ် ၄၈ ဦး ပြန်လွတ်

မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် စွဲဆိုခံထားရသော ကချင်လူငယ် ၄၈ ဦး ပြန်လွတ်
ဓာတ်ပုံ Lagai Tu Nau FB

ချင်းမိုင်၊ဇွန်လ ၂၁ ။              ။ ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှ ကချင်လူငယ် ၄၈ ဦးအား တပ်မတော်မှ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခဲ့ရာမှ ဇွန်လ ၂၁ ရက်နေ့တွင် ဗန်းမော်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့ကြောင်း  သိရသည်။

“သူတို့ကို ၁၇/၁နဲ့ တရားစွဲထားတာ။ ဒီနေ့တော့ သတင်းပေးပျက်ကွက်တယ်ဆိုပြီးတော့ လွှတ်ပေးလိုက်တယ် လို့ အမိန့်ချလိုက်တယ်။ လွတ်ပေးချင်လို့ လွှတ်ပေးလိုက်တာပါ။ ချုပ်ရက်နဲ့ လွှတ်ပေးလိုက်တာပါ။ ခုလို အမိန့်ချတာက အဲဒီလူငယ်တွေက အပြစ်မရှိလို့ လွတ်မြောက်လာတာပါ” ဟု အဆိုပါလူငယ်များဘက်မှ ကူညီဆောင်ရွက်ပေးနေသူ Shingnip အဖွဲ့မှ တရားလွတ်တော်ရှေ့နေ ဦးခွန်နောင်က မဇ္ဈိမကို ပြောသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က စိုက်ပျိုးရေးနှင့် ဥပဒေရေးရာသင်တန်းများ သွားရောက် တက်ရောက်ခဲ့သော လူငယ် ၄၉ ဦး ကို စစ်သင်တန်းတက်ရောက်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လွတ်မြောက်လာသူ ၄၈ ဦးသည် ယနေ့ညတွင် ဗန်းမော်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဘုရားကျောင်းတွင် တည်းခိုနေသည်ဟု ယင်းဘုရားကျောင်းမှ သိက္ခာတော်ရ ဆရာတူးဂျာက ပြောသည်။

“ပြန်လွတ်လာပြီ။ ဒီနေ့ညနဲ့ မနက်ဖြန် တစ်ရက် ကျွန်တော်တို့ဘုရားကျောင်းမှာ နားပြီး သဘက်ခါ သူတို့ နေရပ်ကို ပြန်ကြမယ်။ တယောက်တော့ တပ်ပြေးဖြစ်လို့ဆိုပြီး ၇ နှစ်ချလိုက်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ယင်းလူငယ်များသည် ဖွံ့ဖြိုးရေးသင်တန်း တက်ရောက်ရန်အတွက် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ လူငယ်များက KIO ထိန်းချုပ်နယ်မြေ လိုင်ဇာတွင် သင်တန်း တစ်လကြာ တက်ရောက်ခဲ့ပြီး အပြန် ကချင်ပြည်နယ် လွယ်ဂယ်ကားလမ်းတွင် ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ လူငယ်များထဲမှ အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ ပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly