ထိုင်းဘုရင် ဂျာမနီသို့ရောက်ရှိစဉ် လေသေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခံရ

ထိုင်းဘုရင် ဂျာမနီသို့ရောက်ရှိစဉ် လေသေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခံရ

ဇွန် ၂၂ ။             ။ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း ဂျာမနီနိုင်ငံသို့ ရောက်ရှိခဲ့စဉ် ညခင်းတစ်ခု၌  ၎င်းအား ဆယ်ကျော်သက်လူငယ်နှစ်ဦးက လေသေနတ်ဖြင့် လှမ်းပစ်ခဲ့သည့် ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေလျက်ရှိကြောင်း ဂျာမန် အာဏာပိုင်များက ပြောသည်။

ထိုင်းဘုရင်မှာ ပြီးခဲ့သည့် ဇွန်လ ၁၀ ရက် ညပိုင်းက ဂျာမနီနိုင်ငံ မြူးနစ်လေဆိပ်အနီး ၎င်း၏ အခြွေအရံများနှင့်အတူ စက်ဘီးစီးနေခဲ့စဉ်  ယခုကဲ့သို့ ကလေးကစားစရာ လေသေနတ်ဖြင့် လှမ်းပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် Erding မြို့ နေအိမ်တစ်လုံး၏ ပြတင်းပေါက်ဆီမှနေ၍ အသက် ၁၃ နှစ် နှင့် ၁၄ နှစ်အရွယ် ကောင်လေးနှစ်ဦးက ၎င်းအား ရာဘာကျည်စေ့ ထည့်ထားသည့် ကစားကစား သေနတ်ဖြင့် လှမ်းပစ်ခဲ့ခြင်းဖြစ်ကြောင်း ဂျာမန်အစိုးရရှေ့နေများက ဆိုသည်။

ယင်းသို့ ပစ်ခတ်ခဲ့ရာတွင် ထိုင်းဘုရင် လောင်ကွန်းအား ထိမှန်ခဲ့ခြင်းရှိမရှိ ရှင်းရှင်းလင်းလင်း မသိခဲ့ရသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းဘုရင်ဘက်က အမှုဖွင့်အရေးယူခြင်းမျိုး လုပ်ဆောင်ရန် ဆန္ဒမရှိကြောင်း သိရသည်။

ယခုအခါ အသက် ၆၄ နှစ်ရှိ ထိုင်းဘုရင် မဟာဝဇီရာ လောင်ကွန်းမှာ ယမန်နှစ်က ဖခင်ဖြစ်သူ နတ်ရွာစံပြီးနောက် ထီးနန်းကိုဆက်ခံထားသူဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly