၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ ၉ ဒသမ ၈ ဘီလီယံထိ ရောက်ရှိသွားမည်ဟု ကုလ ခန့်မှန်း

၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ ၉ ဒသမ ၈ ဘီလီယံထိ ရောက်ရှိသွားမည်ဟု ကုလ ခန့်မှန်း

ဇွန် ၂၂ ။             ။ လက်ရှိ ကမ္ဘာ့လူဦးရေ  ၇ ဒသမ ၆ ဘီလီယံ ရှိနေရာကနေ လာမယ့် ၂၀၅၀ ပြည့်နှစ်အရောက်မှာတော့ ၉ ဒသမ ၈ ဘီလီယံထိ တိုးပွားသွားလိမ့်မယ်ဆိုပြီး ဇွန်လ ၂၂ ရက်မှာ ကုလသမဂ္ဂက ထုတ်ပြန်ဖော်ပြပါတယ်။ အလားတူ လာမယ့် ခုနစ်နှစ်အတွင်းမှာ အိန္ဒိယနိုင်ငံကလည်း တရုတ်ကို ကျော်ပြီး ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံ ဖြစ်လာမယ်လို့လည်း အဆိုပါ ကုလထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ယခု အစီရင်ခံစာကိုတော့ ကုလသမဂ္ဂရဲ့ စီးပွားရေးနဲ လူမှုရေးရာ ဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ယင်းအစီရင်ခံစာအရ လာမယ့် ၂၀၅၀ မှာ နိုင်ဂျီးရီးယားက အမေရိကန်ကို ကျော်ပြီး ကမ္ဘာပေါ်မှာ တတိယမြောက် လူဦးရေအများဆုံး နိုင်ငံ ဖြစ်လာဖို့ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

" နှစ်စဉ်နှစ်တိုင်း အကြမ်းဖျင်းအနေနဲ့ လူပေါင်း ၈၃ သန်း ကမ္ဘာ့လူဦးရေထဲကို ပေါင်းထည့်သွားရမှာဖြစ်သလို လူဦးရေအရွယ်အစားပိုင်းမှာတော့ အတက်ဘက်ကို ဆက်သွားနေဦးမှာဖြစ်ပါတယ်" လို့ အဆိုပါ ကုလအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ယင်းနှုန်းအတိုင်းသာဆက်သွားမယ်ဆိုရင် ကမ္ဘာ့လူဦးရေဟာ လာမယ့် ၂၀၃၀ အရောက်မှာ ၈ ဒသမ ၆ ဘီလီယံ၊ ၂၀၅၀ မှာ ၉ ဒသမ ၈ ဘီလီယံနဲ့ ၂၁၀၀ မှာ ၁၁ ဒသမ ၂ ဘီလီယံ ထိ ရောက်ရှိသွားလိမ့်မယ်လို့လည်း သိရပါတယ်။

လက်ရှိ ကမ္ဘာ့ဒုတိယလူဦးရေအများဆုံး နိုင်ငံအဖြစ် လူဦးရေ ၁ ဒသမ ၃ ဘီလီယံနဲ့ ရပ်တည်နေတဲ့ အိန္ဒိယကတော့ လက်ရှိ လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိ တရုတ်ကို လာမယ့် ၂၀၂၄ မှာ   ကျော်တက်သွားလိမ့်မယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

တစ်ချိန်တည်းမှာပဲ ကမ္ဘာပေါ်က သက်ကြီးလူဦးရေပိုင်းမှာ ယခု ၂၀၁၇ ခုနှစ်မှာ ၉၆၂ သန်းရှိနေရာကနေ ၂၀၅၀ မှာ ၂ ဒသမ ၁ ဘီလီယံ၊ ၂၁၀၀ မှာ ၃ ဒသမ ၁ ဘီလီယံထိ တိုးသွားနိုင်တယ်လု့ိလည်း ခန့်မှန်းထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly