လန်ဒန်တာဝါမီးလောင်မှုဖြစ်စဉ်တွင် အစိုးရ၏ တုန့်ပြန်လုပ်ဆောင်ပုံ အားနည်းခဲ့ခြင်းအတွက် ဗြိတိန်ဝန်ကြီးချုပ်က ပြည်သူကို တောင်းပန်

လန်ဒန်တာဝါမီးလောင်မှုဖြစ်စဉ်တွင် အစိုးရ၏ တုန့်ပြန်လုပ်ဆောင်ပုံ အားနည်းခဲ့ခြင်းအတွက် ဗြိတိန်ဝန်ကြီးချုပ်က ပြည်သူကို တောင်းပန်

ဇွန် ၂၂ ။               ။ နိုင်ငံအတွက် အဆိုးရွားဆုံးသော ဘေးဒုက္ခဆိုးတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည့် လန်ဒန်ရှိ အထပ်မြင့်တာဝါ မီးလောင်မှု ဖြစ်စဉ်တွင် အစိုးရ၏ ကိုင်တွယ်လုပ်ဆောင်ပုံ အားနည်းခဲ့သည့်အတွက် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ပြည်သူလူထုကို တောင်းပန်သွားခဲ့သည်။

သေဆုံးသူဦးရေ ၇၉ ဦးထိ ရှိခဲ့သည်ဟု ယုံကြည်ရသော အဆိုပါ လန်ဒန် တာဝါမီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် အစိုးရပိုင်း၏ တုန့်ပြန်လုပ်ဆောင်မှုများမှာ လုံလောက်ပြည့်စုံခဲ့ခြင်းမရှိဟု ဗြိတိန်ဝန်ကြီးချုပ်က ဝန်ခံသွားခဲ့သည်။

" ဒါဟာ ဒေသအာဏာပိုင်တွေရော၊ ကျွန်မတို့အစိုးရဆီမှာပါ ပျက်ကွက်မှုတွေ ရှိခဲ့ပါတယ်၊ ပြည်သူတွေကို သူတို့ အရေးတစ်ကြီး လိုအပ်နေတဲ့ အကူအညီတွေကို အချိန်နဲ့တပြေးညီ ကူညီပေးနိုင်ခဲ့ခြင်းမရှိပါဘူး၊ ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ဒီအတွက် တောင်းပန်ချင်ပါတယ်" ဟု ထရီဇာမေက ပါလီမန်ကို ပြောကြားသွားသည်။

လန်ဒန်အနောက်ပိုင်းရှိ Grenfell Tower အကြီးအကျယ် မီးလောင်ကျွမ်းသွားခဲ့မှုတွင် အသက်ရှင်လွတ်မြောက်ကျန်ရစ်သူများနှင့်လည်း တွေ့ဆုံအားပေးခဲ့ခြင်းမရှိသည့်အတွက်ကြောင့်လည်း ဝန်ကြီးချုပ်ထရီဇာမေအပေါ် အပြင်းအထန် ဝေဖန်မှုများ ရှိထားခဲ့သည်။

" မီးစလောင်လောင်ချင်း အစောပိုင်းအချိန်တွေတုန်းက မိသားစုတွေကို ကောင်းကောင်း ထောက်ပံ့အားပေးနိုင်ခဲ့ခြင်းမရှိပါဘူး" ဟု မေက ပြောသည်။

အဆိုပါ အထပ်ပေါင်း ၂၄ ထပ်ရှိ Grenfell Tower မှာ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီးနောက် သုံးရက်ကြာမှသာ မီးကို အပြီးသတ်ငြှိမ်းသတ်နိင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly